တချိန်က မြန်မာဗီဒီယိုလောကရဲ့ ဖိုက်တင်မင်းသားတဦးအဖြစ် အောင်မြင်ခဲ့တဲ့ သရုပ်ဆောင် ရဲမင်းပိုင်ဟာ အမေရိကန်နိုင်ငံတွင် နှစ်ပေါင်းကြာမြင့်စွာ အခြေချနေထိုင်ခဲ့ပြီးနောက် ဇန်နဝါရီလ ၃ဝ ရက်နေ့မှာ မြန်မာနိုင်ငံသို့ပြန်လာပြီး သိုင်းသင်တန်းကျောင်းဖွင့်လှစ်ကာ သင်ကြားပြသသွားမယ်လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် အသိပေးထားပါတယ်။
အဆိုပါ သင်တန်းကျောင်းကို Fighter Hero’s လို့ အမည်ပေးထားပြီး ဖိုက်တင်ဖြင့် သရုပ်ဆောင် ဖြစ်ချင်သူများအတွက် ကိုယ်လုံပညာ သင်ကြားပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
“အနုပညာဖိုက်တင်နဲ့ သရုပ်ဆောင်ဖြစ်ချင်သူများရှိနေကြမှာပါ။ ရှိနေဖို့လည်း အထူးလိုအပ်ပါတယ်။ ပညာပေးအသိ အနုပညာများပေါ်လာဖို့လည်း အရေးကြီးပါတယ်။ အားကစားစိတ်ဓာတ် ကာကွယ် တိုက်ခိုက်နည်းပညာတွေလည်း မြင့်မားလာဖို့ အထူးလိုအပ်ပါတယ်။ အမျိုးသမီး၊ အမျိုးသားတိုင်း Martial Arts ကို လေ့လာသင်ယူသင့်ပါတယ်။ မတရားစော်ကားခြင်းခံရတာဟာ ဘာမှမတတ်လို့ပါ။ အတတ်ပညာ တတ်မြောက်ထားပါက စော်ကား အနိုင်ကျင့်ခံရမည် မဟုတ်ပါ။ ကျနော်ကိုယ်တိုင်သင်ပေးမှာပါ” လို့ ရဲမင်းပိုင်က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာတွင် ပြောဆိုထားပါတယ်။
Fighter Hero’s သင်တန်းတွင် ပထမဆုံးအနေဖြင့် အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၅ ဦးတို့ကို ရွေးချယ်ကာ သင်ကြားပေးသွားမယ်လို့ သိရပါတယ်။
အဆိုပါ ရွေးချယ်ခံရတဲ့ သင်တန်းသား ၃ဝ ဦးထဲကမှ ပြန်လည်ရွေးချယ်ကာ လက်ရွေးစင် သင်တန်းသားတချို့ကို ရဲမင်းပိုင်ရဲ့အဖွဲ့နဲ့အတူ ” ဒဏ္ဍာရီ သူရဲကောင်း” ဆိုတဲ့ ရုပ်ရှင်ကားကို ရိုက်ကူးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
“လက်ရွေးစင်သရုပ်ဆောင်များဖြစ်လာချိန်တွင် ကျနော်ရိုက်ကူးချင်နေသော ရုပ်ရှင်ကို ကျနော့်အဖွဲ့နဲ့ အတူ ရိုက်ကူးဖို့စီစဉ်မှာဖြစ်ပါတယ်။ ဒဏ္ဍာရီ သူရဲကောင်း ရုပ်ရှင်အတွက် ကြိုတင်ပြင်ဆင်ထားသော ဖိုက်တာသူရဲကောင်းတွေ ပေါ်ပေါက်လာစေချင်ပါတယ်” လို့ ရဲမင်းပိုင်က ဆိုပါတယ်။
ဒါ့အပြင် ရဲမင်းပိုင်က မြန်မာပြည်သို့ ပြန်ရောက်ပြီဆိုရင်လည်း နယ်လှည့် ဖျော်ဖြေပွဲများပြုလုပ်မှာဖြစ်ပြီး အဆိုပါ ဖျော်ဖြေပွဲများမှရရှိမယ့် ငွေများကို နာရေးကူညီမှုအသင်းနဲ့ ကလေးများရဲ့ပညာရေးအတွက် လှူဒါန်းသွားဖို့လည်း ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
သရုပ်ဆောင် ရဲမင်းပိုင်ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာက မြန်မာ့ဗီဒီယိုလောကရဲ့ ဖိုက်တင် မင်းသားအဖြစ် ပရိသတ်အားပေးမှုကို တခဲနက်ရရှိခဲ့ပြီး နောက်ပိုင်းကာလတွေမှာ အဆိုပါ လောကမှ ပျောက်ကွယ် သွားခဲ့ကာ ပြည်ပသို့ရောက်ရှိနေထိုင်ခဲ့တယ်လို့ သိရပါတယ်။
ယခုအချိန်မှာတော့ အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ် ဖို့ဒ်ဝိန်းမှာ မိသားစုနဲ့အတူ နေထိုင်လျက်ရှိတယ်လို့ သိရပါတယ်။