Entertainment

သရုပ်ဆောင် ဖွေးဖွေးကို iflix မှ မိတ်ဖက် သံတမန်တဦး အဖြစ်ခန့်အပ်

Want create site? Find Free WordPress Themes and plugins.

လစဉ်ကြေးပေးသွင်းပြီး အင်တာနက်မှ ရုပ်ရှင်များ ကြည့်ရှုနိုင်တဲ့ iflix ဝန်ဆောင်မှုမှ ထပ်ဆင့် အကယ်ဒမီ သရုပ်ဆောင် ဖွေးဖွေးကို iflix ရဲ့ အနုပညာအကြံပေး၊ မိတ်ဖက်သံတမန်တဦးအဖြစ် တရားဝင်ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း ဇန်နဝါရီလ ၂၈ ရက်နေ့က စာနယ်ဇင်းမီဒီယာများကို မိတ်ဆက်ခဲ့ပါတယ်။

ယခုလတ်တလော iflix မှာ ဖွေးဖွေး ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကား “ရိုက်လိုက်ပါဦး ဒုန်းဒုန်းဒုန်း” ကို ကြည့်ရှုနိုင်ပြီ ဖြစ်ပြီး မကြာခင်မှာလည်း ဖွေးဖွေးရဲ့ ရုပ်ရှင်ဇာတ်ကားများ၊ ဗီဒီယိုဇာတ်ကားများကို ကြည့်ရှုနိုင်အောင် ထည့်သွင်း ပြသသွားမယ်လို့ သိရပါတယ်။

“အခု ဖွေးတို့ အစပိုင်းပဲ ရှိသေးတယ်ဆိုတော့ ဖွေးဖွေးရဲ့ အရင်တုန်းက ကားအဟောင်းတွေတော့ မဝယ် ရသေးဘူး။ အရင်တုန်းကဆို ဖွေးတို့ Youtube မှာ သူများတွေ တရားမဝင်တင်တဲ့ အဝါးတွေပဲ ကြည့်ရတာ ပေါ့နော်။ iflix မှာဆိုရင် ဖွေးဖွေး ရုပ်ရှင်တွေကို တရားဝင် ဝယ်ပြီးတော့ ပြမှာပါ။ Update ဖြစ်ဖို့တော့ ထပ်ကြိုးစားပါဦးမယ်” လို့ သရုပ်ဆောင် ဖွေးဖွေးက ပြောပါတယ်။

ဖွေးဖွေးအနေနဲ့ ifilx မှာ အနုပညာအကြံပေးအဖြစ်ပါ လုပ်ဆောင်သွားမှာဖြစ်ပြီး iflix ရဲ့ အဓိက ရည်ရွယ်ချက် ဖြစ်တဲ့ ရုပ်ရှင်ရုံမှာ ပြသပြီးတဲ့ ဇာတ်ကားများကို iflix မှာ ပြသနိုင်ရန် ဦးစားပေးလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ iflix ဟာ နိုင်ငံတကာမှာလည်း နာမည်ကြီး အနုပညာသရုပ်ဆောင်များနဲ့လည်း ယင်းကဲ့သို့ ပူးပေါင်းလုပ်ဆောင်မှုများ ဆောင်ရွက်နေပါတယ်။

“ဖွေးဖွေးကို iflix ရဲ့မိသားစုဝင် တယောက်အဖြစ် ကြိုဆိုရတာ အရမ်းကျေနပ်မိပါတယ်။ မြန်မာနိုင်ငံရဲ့ အနုပညာရှင်နယ်ပယ်မှာ အရေးပါတဲ့နေရာမှာ ရှိနေတဲ့ သူမဟာ ရုပ်ရှင်ကားတွေအပြင် တခြားသော နယ်ပယ်တွေမှာပါ သူမရဲ့ အောင်မြင်မှုက ကြီးမားပါတယ်။ iflix ရဲ့ အမှတ်တံဆိပ်၊ ရည်မှန်းချက်တွေနဲ့ တန်ဖိုးတွေကို ကိုယ်စားပြုမယ့် အကောင်းဆုံး အနုပညာရှင်တဦး ဖြစ်မယ်လို့ ယုံကြည်ပါတယ်” လို့ iflix ရဲ့ Country Manager, Ms.Adeana Greenlee ကပြောပါတယ်။

iflix မှ ဖွေးဖွေးကို မိတ်ဖက် သံတမန်တဦးအဖြစ် ခန့်အပ်ပွဲ / သီဟတိုး/ ဧရာဝတီ

ဖွေးဖွေးကို iflix ရဲ့ မိတ်ဆက် သံတမန်အဖြစ် ခန့်အပ်ပြီး မကြာခင် အချိန်အတွင်းမှာလည်း ဖွေးဖွေးလစဉ် ကြည့်ရှုနေတဲ့ ရုပ်ရှင်ဇာတ်ကားများစာရင်း Playlist ကိုလည်း ဖွေးဖွေး ပရိတ်သတ်တွေ သိရှိနိုင်အောင် iflix မှာ ဖော်ပြပေးသွားမယ်လို့ သိရပါတယ်။

ထပ်ဆင့်အကယ်ဒမီ သရုပ်ဆောင် ဖွေးဖွေးက မြန်မာ့ရုပ်ရှင်ထူးချွန်ဆု နှစ်ဆုရရှိထားပြီး ၂၀၁၂ ခုနှစ်မှာ “လက်ပံ” ရုပ်ရှင်ဇာတ်ကားနဲ့ ၂၀၁၅ ခုနှစ်မှာ “ကျွန်မက နှင်းဆီပါမောင်” ရုပ်ရှင်ဇာတ်ကားတို့နဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုတို့ကို ရရှိခဲ့တာ ဖြစ်ပါတယ်။

လက်တလော ဖွေးဖွေးအနေနဲ့ မကြာသေးခင်က စာရေးဆရာမ ဂျူးရဲ့ “ကြာတော့သည်လည်း မောင့်စကား” ဝတ္ထုကို ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ပြန်လည်ရိုက်ကူးမယ့် ဇာတ်ကားမှာလည်း အဓိက ဇာတ်ကောင်အဖြစ် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၊ အကယ်ဒမီ ထွန်းထွန်းတို့နဲ့ တွဲဖက်သရုပ်ဆောင်ထားပြီး အဆိုပါဇာတ်ကားကို ပြင်ဦးလွင်မှာ သွားရောက်ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။

iflix နဲ့အတူ ပူးပေါင်းလုပ်ဆောင်နေတဲ့ နိုင်ငံများက ပါကစ္စတန်၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ အင်ဒိုနီးရှားစတဲ့ နိုင်ငံများမှ အနုပညာရှင်များဖြစ်ပြီး မြန်မာနိုင်ငံမှလည်း အနုပညာရှင်များစွာနဲ့ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။

iflix ဝန်ဆောင်မှုကို ယခုအခါ အာရှ၊ အရှေ့အလယ်ပိုင်းဒေသနဲ့ အာဖရိကဒေသတို့မှာရှိတဲ့ နိုင်ငံပေါင်း၂၅ နိုင်ငံမှာ လူပေါင်း ၁ ဘီလီကျော်အတွက် ရရှိနေပြီဖြစ်ပြီး iflix မှာ ဟောလိဝုဒ်၊ ဘောလိဝုဒ် ဇာတ်ကားများ၊ ကိုရီးယား၊ ထိုင်း၊ တရုတ်၊ ဂျပန် စတဲ့ အာရှဇာတ်ကားများ၊ မြန်မာပြည်တွင်းမှ နာမည်ကြီး ရုပ်ရှင်များ၊ TV ဇာတ်လမ်းတွဲများကို တနေရာတည်းမှာ တစုတစည်းတည်း ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

iflix ဝန်ဆောင်မှုကို လစဉ်ကြေး ပေးသွင်းပြီး ရုပ်ရှင်ဇာတ်ကားများ အင်တာနက်မှ တဆင့် တိုက်ရိုက် သို့မဟုတ် ဒေါင်းလော့ဆွဲကာ ဖုန်း၊ Laptop, Tablet နဲ့ TV အပါအဝင် Device ၅ မျိုးနဲ့ ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading