Entertainment

အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်နိုင်သလောက် လုပ်သွားမယ်

Want create site? Find Free WordPress Themes and plugins.

ပန်းချီဆရာမတယောက်လည်းဖြစ်၊ ပြည်တွင်းဖြစ်ချည်ထည်များနဲ့ ဖန်တီးထုတ်လုပ်ထားတဲ့ “အမရခေတ်” ဆိုတဲ့ ဖက်ရှင်လုပ်ငန်းကို တည်ထောင်လုပ်ကိုင်လျက်ရှိကာ အောင်မြင်မှုတခုကို ရရှိနေတဲ့ ရွှေသီရိခေတ် ဟာ ယခုဆိုရင် အလှမယ်တယောက်အနေနဲ့ မြင်တွေ့နေရပြီဖြစ်ပါတယ်။

သူမဟာ အောင်မြင်တဲ့ဖက်ရှင်ဒီဇိုင်နာတယောက်ဖြစ်ရုံသာမကဘဲ အောင်မြင်တဲ့အိမ်ထောင်တခုတွင် အိမ်ထောင်သက် ၁၁ နှစ်မှာ ၄ နှစ်အရွယ်သမီးလေးတယောက်ကို ပိုင်ဆိုင်ထားတဲ့ အိမ်ထောင်ရှင် အလှမယ်တယောက်လည်း ဖြစ်ပါတယ်။

အလှမယ် ရွှေသီရိခေတ်ဟာ Mrs.Elegant Season 8 Beauty Contest တွင် ဆု ၃ ဆုကိုု ဆွတ်ခူး ရရှိခဲ့သလို မကြာခင်အချိန်မှာလည်း မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် Mrs. Universe 2018 ကို သွားရောက်ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။

အိမ်ထောင်ရှင် အလှမယ်တယောက်ဖြစ်တဲ့ ရွှေသီရိခေတ်( Amara Khit Founder) ရဲ့ မကြာခင်မှာ သွားရောက်ယှဉ်ပြိုင်ရတော့မယ့် ပြိုင်ပွဲအကြောင်းနဲ့ သူမရဲ့ အိမ်ထောင်ရှင်အလှမယ်တယောက်ဖြစ်ပြီး လုပ်ဆောင်သွားမယ့်လုပ်ငန်းစဉ်တွေအကြောင်းကို ဧရာဝတီမှ အနုပညာသတင်းထောက် ယုဖြူဟန်က မေးမြန်းထားပါတယ်။

မေး။ ။ ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့ပုံလေး ပြောပြပေးပါ။

ဖြေ။ ။ ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာကတော့ ကိုယ့်ရဲ့လုပ်ငန်းက ဖက်ရှင်လုပ်ငန်း ဖြစ်နေတဲ့ အခါကျတော့ ဆက်စပ်နေတယ်။ ဒီပြိုင်ပွဲရဲ့ခေါင်းစဉ်ကလည်း Domestic Violence (အိမ်တွင်း အကြမ်းဖက်မှု) ဖြစ်နေတဲ့အတွက် ကိုယ့်ရဲ့ခံယူချက်နဲ့ကလည်း တိုက်ဆိုင်မှုရှိနေတဲ့အတွက် ဝင်ပြိုင် ဖြစ်တာပါ။

မေး။ ။ အခက်အခဲတွေရော ဘယ်လိုရှိခဲ့လဲ။

ဖြေ။ ။ ဒီပြိုင်ပွဲကို ဝင်ပြိုင်တဲ့အခါမှာ အခက်အခဲတွေက အများကြီးပဲပေါ့။ ပထမဆုံး ဒီပြိုင်ပွဲကို ငါ လုပ်နိုင်ပါ့မလား ဒီဟာသည် ရေရှည်လုပ်ရမယ့် ကိစ္စကြီးတခုဖြစ်တယ်။ အဲဒါကြောင့် ကိုယ်ပေးဆပ်ရမယ့် အချိန်တွေ ကြိုးစားရမယ့်ကိစ္စတွေ မိသားစုတွေအတွက်ရော အလုပ်အတွက်ရော အစစအရာရာ ကိုယ့်ဘက်ကနေ မျှတအောင်လုပ်ရတဲ့အခါကျတော့ အဲ့ဒါတွေအကုန်လုံး လုပ်နိုင်ပါ့မလားလို့ စဉ်းစား ရပါတယ်။ အဲဒီလိုစဉ်းစားပြီးတော့မှ လုပ်နိုင်တယ်လို့ စဉ်းစားတယ်၊ဆုံးဖြတ်တယ် နောက်ပြီးတော့ ဒီဟာက ကိုယ့်အတွက် အိမ်ထောင်ရှင် အမျိုးသမီးဖြစ်သွားပေမယ့် ဒီထက်အများကြီးထပ်တက်ဖို့ လမ်းစတွေ ရှိနိုင်သေးတယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဝင်ပြိုင်ဖြစ်တာပါ။

မေး။ ။ ပြိုင်ပွဲက ဘယ်တော့လောက်သွားပြိုင်ရမှာလဲ။

ဖြေ။ ။ အဲဒါက မတ်လလောက်ကျမှ ပြိုင်ပွဲသွားပြိုင်ရမယ့် နိုင်ငံထွက်မယ်။ ရက်လည်း အတိအကျ ထွက်ပါမယ်။ ပြိုင်လေ့ပြိုင်ထရှိတဲ့ရက်တွေကတော့ သြဂုတ်၊စက်တင်ဘာလလောက်တော့ လုပ်လေ့ ရှိတယ်။ ရက်အတိအကျတော့ မသိသေးပါဘူး။

မေး။ ။ ပြိုင်ပွဲသွားပြိုင်ဖို့အတွက်ကို ဘယ်လိုကြိုတင်ပြင်ဆင်မှုတွေ လုပ်နေလဲ။

ဖြေ။ ။ ဘယ်လိုလေ့လာမှုတွေရှိလဲဆိုရင်တော့ လေ့လာရမှာတွေကတော့ အများကြီးပေါ့။ ဒီဟာက မြန်မာပြည်ရဲ့ တတိယမြောက်ပြိုင်ပွဲဖြစ်တဲ့အတွက် အရှေ့ကသွားပြိုင်ခဲ့တဲ့သူတွေဆီကနေ ပညာတွေ အတွေ့အကြုံတွေ အများကြီးယူရမှာ ဖြစ်ပါတယ်။ တီချယ်လှနုထွန်းဆိုရင် စည်းမျဉ်းစည်းကမ်းနဲ့ ပတ်သက်တာတွေ ကိုယ့်ဘက်ကပြင်ဆင်ရမယ့် အပိုင်းတွေကို ပြောပြပေးမှာ ဖြစ်ပါတယ်။ အဲဒါတွေကို မပြိုင်ခင်အချိန်ထိ တောက်လျှောက်လုပ်သွားရမှာပါ။

မေး။ ။ ပြိုင်ပွဲမှာဆိုရင် ကိုယ့်ရဲ့ Talent ကို ဘယ်လိုပုံစံမျိုးနဲ့ ယှဉ်ပြိုင်သွားမလဲ။

ဖြေ။ ။ ယှဉ်ပြိုင်ဖို့အတွက် တွေးထားတာတော့ ရှိပါတယ်။ အကုန်လုံးချပြဖို့ထက် ကိုယ်ဟာ Artist တယောက်ဖြစ်တယ်။ ဒီဇိုင်နာတယောက်ဖြစ်တယ်။ Brand Owner တယောက်ဖြစ်တယ်။ အဲ့ဒါ ကိုယ့်မှာရှိတဲ့ ပင်ကိုယ်အရည်အချင်းတွေပေါ့နော်။ ဆိုရှယ်မီဒီယာပိုင်းမှာလည်း ကျွမ်းကျင်မှု အထိုက်အလျောက်ရှိတယ်။ အဲဒီအတွက် ကိုယ့်ရဲ့ပင်ကိုယ်ရှိပြီးသားဟာကို ဘယ်လိုမျိုး ထုတ်ဖော်ပြီးတော့ Organazation နဲ့တွဲပြီးတော့ ပြသခွင့်ရမလဲ။ မြန်မာပြည်ရဲ့အကြောင်းရယ် မြန်မာပြည်ရဲ့ ယဉ်ကျေးမှုကိုလည်း ဘယ်လိုမျိုးကိုယ်စားပြုလို့ရမလဲဆိုတာကို ချင့်ချိန်ပြီးတော့ အခုချိန်ကစပြီး လုပ်သွားမှာ ဖြစ်ပါတယ်။

မေး။ ။ National Costume ပိုင်းနဲ့ပတ်သက်ပြီးတော့ရော ဘယ်လိုပြင်ဆင်ထားလဲ။

ဖြေ။ ။ National Costume ပိုင်းကလည်းရွေးထားတာတော့ ၃၊ ၄မျိုး လျာထားတာတော့ရှိပါတယ်။ မိတ်ကပ်ခရစ်နဲ့တိုင်ပင်ပြီးတော့ ဒီဇိုင်းဆွဲထားတယ်။ အဲဒါကတော့ တအားကြီးကျော်ကြားပြီးသား အထင်ကရဖြစ်တာတွေကို လုပ်တာထက် လူတွေမေ့နေတာပဲဖြစ်ဖြစ် သိပ်သတိမထားမိတာပဲဖြစ်ဖြစ် အဲဒါမျိုးလေးတွေကို ပြန်လည်ဖော်ထုတ်ပြီး လုပ်ဖို့အတွက်လုပ်နေပါတယ်။

မေး။ ။ အိမ်ထောင်ရှင် အလှမယ်တယောက်အနေနဲ့ အခု သရဖူလည်းရသွားပြီဆိုတော့ ဘာတွေ ဆက်လုပ်သွားဖို့ ရှိပါသေးလဲ။

ဖြေ။ ။ ရှေ့ဆက်ပြီးတော့ ဘာလုပ်ဖို့ရှိလဲဆိုရင် ပြိုင်ပွဲကနေ ချမှတ်ထားတဲ့ စည်းကမ်းတွေဝင်အောင် Organization ကနေဖြစ်စေချင်တဲ့ လုပ်ရမယ့် အစီအစဉ်တွေရှိတယ်။ အဲဒီအတွက်တင်မကဘဲနဲ့ ကိုယ့်ရဲ့စီးပွားရေးနဲ့ဆက်စပ်ပြီးတော့ရော ကိုယ့်ရဲ့စီးပွားရေးကလည်း ဒီတိုင်းပြည်ရဲ့ ဖက်ရှင် အမှတ်တံဆိပ်အနေနဲ့ ဘယ်လိုရပ်တည်လို့ရမလဲ။ နောက်ပြီးတော့ ကိုယ့်လိုမျိုး အိမ်ရှင်မအမျိုးသမီး တွေကိုလည်း အားဖြစ်စေတဲ့စကားလေးတွေ ဘာတွေများအထောက်အကူပြုလို့ရမလဲဆိုတာကို တပြိုင်နက်တည်း စဉ်းစားပြီးတော့ အစီအစဉ်လုပ်ထားပါတယ်။

မေး။ ။ အိမ်ထောင်ရှင်အလှမယ်နဲ့ ရိုးရိုး အလှမယ်ဘယ်လိုကွာခြားမှုရှိလဲလို့ မြင်မိလဲ။

ဖြေ။ ။ ကွာခြားတာတော့ အများကြီးရှိတာပေါ့နော်။ အပျိုအလှမယ်အနေနဲ့က သူ့မှာက မိဘ အုပ်ထိန်းမှုတခုပဲရှိတယ်။ အိမ်ထောင်ရှင် မဖြစ်သေးတဲ့အတွက် ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ့မိဘရဲ့ဆုံးဖြတ်ချက်နဲ့ ဘာမဆိုလုပ်လို့ရတယ်။ ဝတ်စားဆင်ယင်မှုအပိုင်းမှာကျတော့ အိမ်ထောင်သည်ကျတော့ ဘီကနီတွေ ဘာတွေမပါဘူးဆိုတော့ အဆင်ပြေတယ်ဆိုပြီး ဒီပြိုင်ပွဲကို ဝင်လိုက်တယ်။ အိမ်ထောင်သည်ဖြစ်သွားတာနဲ့ အလျှောက် အပြင်အဆင် ဝတ်စားဆင်ယင်မှု ရုပ်ပိုင်းဆိုင်ရာသာမကဘူး စိတ်ပိုင်းဆိုင်ရာမှာပါ ရင့်ကျက်ရတဲ့အနေအထားကို ဖြစ်သွားတဲ့အတွက် ပြိုင်ပွဲဝင်တဲ့အခါမှာ အဲဒါတွေလည်း ထည့်သွင်းစဉ်းစားပြီးတော့ ပြိုင်ရပါတယ်။ နောက်ပြီးတော့ မိသားစုနဲ့ ဘယ်လိုအချိန်ပေးပြီးလုပ်မလဲ ကိုယ့်ကိုကိုယ်ရော ဘယ်လိုထိန်းသိမ်းမှုရှိမလဲ အလုပ်ခွင်ထဲမှာရော ကိုယ်ပိုင် Talent ကို ထပ်ပြီးတော့ ဘယ်လိုထိန်းကျောင်းပေးလဲ မျိုးဆက်သစ်တွေကိုရော ဘယ်လိုလက်တွဲခေါ်မလဲ အဲဒီလိုအဖက်ဖက်က ပြင်ဆင်ရတယ်ပေါ့။ အဲဒီလိုကွာခြားချက်လေးတွေတော့ ရှိတယ်။

မေး။ ။ အမရဲ့ မိသားစုတွေနဲ့လည်း မိတ်ဆက်ပေးပါဦး။

ဖြေ။ ။ အိမ်ထောင်သည် အမျိုးသမီးတယောက်ဖြစ်တဲ့ ရွှေခေတ်မှာ ၄ နှစ်အရွယ်သမီးလေးနဲ့ အိမ်ထောင်သက်ကတော့ ၁၁ နှစ်ကျော်ရှိပါပြီ။

မေး။ ။ အမရဲ့ မိသားစုဝင်တွေအနေနဲ့ရော ဘယ်လိုထောက်ပံ့မှုတွေ ပေးခဲ့လဲ။

ဖြေ။ ။ မိသားစုဝင်တွေရဲ့ ထောက်ပံ့မှုတွေ မပါဘဲနဲ့ ရပ်တည်လို့မရပါဘူး။ အဓိကက အမျိုးသားပေါ့။ ဒီကိစ္စက အမျိုးသားက ခွင့်မပြုဘဲနဲ့ ရှိလာမှာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ အမျိုးသားက ကူညီထောက်ပံ့ပေးမှ ဆက်လက်လုပ်ဆောင်လို့ရတာပါ။ သူတို့ရဲ့ ကူညီမှုတွေ အများကြီးရပါတယ်။

မေး။ ။ အားပေးနေတဲ့သူတွေအတွက် ဘာများပြောချင်ပါသေးလဲ။

ဖြေ။ ။ အခုချိန်ကစပြီးတော့ ပြိုင်ပွဲဝင်တဲ့ကာလအထိ ဆက်လက်ပြီးတော့ အားပေးသွားပါ။ မြန်မာပြည်ကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်မှာဖြစ်တဲ့အတွက် ပြိုင်ပွဲမပြိုင်ခင်ကာလအတွင်းမှာရော ပြိုင်ပွဲပြိုင်တဲ့အခါမှာ ဆုရသည်ဖြစ်စေ မရသည်ဖြစ်စေ နောက်နှစ်တွေမှာ ပြိုင်ပွဲဝင်မယ့်သူတွေရော တခြားတခြား အိမ်ထောင်ရှင်အမျိုးသမီးတွေရော အမျိုးသမီးများအားလုံးအတွက်ကို လက်တွဲပြီးတော့ အိမ်တွင်းစီးပွားရေးရော အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်နိုင်သလောက်လက်တွဲပြီးတော့ လုပ်သွားပါမယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading