အသက် ၄ဝ နှစ်အရွယ်၊ ပရော်ဖက်ရှင်နယ် ကမ္ဘာကျော် နပန်းသမား ဂျွန်စီးနား (John Cena) ဟာ ထရပ်ကားကြီးတွေနဲ့ ပတ်သက်တဲ့ ကလေးတွေအကြိုက် စာအုပ်စီးရီးကို ဖြန့်ချိသွားမှာဖြစ်ပြီး အခုပထမဆုံး လာမယ့် အောက်တိုဘာလထဲမှာ “Elbow Grease” စာအုပ်ကို စတင်ရောင်းသွားမယ်လို့ သိရပါတယ်။
“စာရေးဆရာ တယောက်အနေနဲ့ ပွဲဦးထွက်ဖို့ အစီအစဉ်ရှိတယ်” လို့ ပြောထားဖူးတဲ့ ဂျွန်စီးနားဟာ ကလေးတွေအကြိုက် ဇာတ်လမ်းစာအုပ်ကို “Random House Books for Young Readers” ထုတ်လုပ်ရေးကနေ ဖြန့်ချိမှာ ဖြစ်ပါတယ်။
အဲဒီစာအုပ်အတွဲမှာ ဆိုရင် “Elbow Grease, Pinball, Flash, Crash, နဲ့ Tank” လို့ခေါ်တဲ့ ထရပ်ကားကြီး မိသားစုတစု အကြောင်းကို ဇာတ်အိမ်တည်ထားပြီး ပထမဆုံးဖြန့်ချိမယ့် “Elbow Grease” စာအုပ်မှာတော့ အစ်ကိုကြီး ၄ ဦးထက် အရွယ်အစား သေးငယ်တဲ့ ထရပ်ကားလေးက အလုပ်တွေလုပ်တဲ့နေရာမှာ “ဇွဲ၊ သတ္တိနဲ့ လုံ့လ”တို့ ရှိတယ်ဆိုတာကို သက်သေပြဖို့ Mission တခုကို ဆောင်ရွက်တဲ့အကြောင်း ရေးသားထားတာ ဖြစ်ပါတယ်။
“Elbow Grease စာအုပ်ထုတ်လုပ်ပြီး ကျနော် ကလေးတွေကို ရည်မှန်းချက်၊ စိတ်အားထက်သန်မှုနဲ့ ကြင်နာတတ်တဲ့ နှလုံးသားတို့အကြောင်း သင်ယူဖို့ နည်းလမ်းနဲ့ သူတို့ကို ပျော်ရွှင်ဖို့ ပေးစွမ်းချင်တာပါ။ ဒီအကြောင်းအရာတွေက ကျနော် ကလေးဘဝကနေ အခုအထိ ကျနော့်ဘဝကို ပြောင်းလဲစေခဲ့တဲ့ အရာတွေပဲ ဖြစ်ပါတယ်။ ပြီးတော့ အကောင်းဘက်ကနေ အောင်မြင်စွာ ကျော်ဖြတ်နိုင်ဖို့နဲ့ မှန်ကန်တဲ့ စိတ်နေစိတ်ထားဟာ အောင်မြင်မှုရဖို့အတွက် အဓိကသော့ချက် ဆိုတာ ကျနော်တို့ရဲ့ လူငယ်မျိုးဆက်သစ်တွေ တွေ့မြင်စေဖို့ အရမ်း အရေးကြီးပါတယ်” လို့ ဂျွန်စီးနားက ပြောပါတယ်။
ဂျွန်စီးနား ထုတ်လုပ်သွားမယ့် အဲဒီစာအုပ်မှာ Howard McWilliam (ကမ္ဘာကျော် ရုပ်ပြောင်ရေးဆွဲသူ အနုပညာရှင်) က သရုပ်ဖော်ပုံ ရေးဆွဲပေးထားပြီး ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့မှာ စတင်ဖြန့်ချိသွားမယ်လို့ သိရပါတယ်။ ကလေးတွေအတွက် စာအုပ်တွေ ဖြန့်ချိဖို့ရှိနေပေမယ့် အမျိုးသမီး နပန်းမယ် Nikki Bella နဲ့ စေ့စပ်ထားတဲ့ ဂျွန်စီးနားက သူဟာ “ဖခင်ကောင်းတယောက် ဖြစ်မယ်မထင်ဘူး”လို့ မကြာသေးခင်က ဝန်ခံထားပါတယ်။
ရင်သွေးကြောင့် ပြောင်းလဲမှု ရှိနိုင်သလားဆိုတဲ့ မေးခွန်းကိုတော့ သူက “အခုတော့ မပြောင်းလဲသေးပါဘူး။ ကျနော့်ကိုယ် ကျနော်တောင် အနိုင်နိုင် မြှင့်တင်ခဲ့ရတာပါ။ ဒါကြောင့် ကျနော် ဖခင်ကောင်းတယောက် ဖြစ်ပါ့မလားဆိုတာ မသိသေးဘူး။ ဒါဟာ ကျနော့်ရဲ့ အကြီးမားဆုံး ကြောက်ရွံ့မှုလို့ ထင်ပါတယ်” လို့ ဖြေပါတယ်။
Ref ; contactmusic