တောင်ကိုရီးယားနိုင်ငံ၊ SBS ရုပ်သံလိုင်းကနေ အပတ်စဉ် ထုတ်လွှင့်ပြသနေတဲ့ Return ရုပ်သံ ဇာတ်လမ်းတွဲမှ မင်းသမီး Go Hyun Jung (ဂိုဟွန်းဂျောင်) က လက်ရှိ ရိုက်နေတဲ့ အဆိုပါ Return ရုပ်သံစီးရီး ကနေ နှုတ်ထွက်တော့မယ်လို့ ယနေ့၊ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ မင်းသမီး ဂိုဟွန်းဂျောင်ရဲ့ အေဂျင်စီကနေ သတင်း ထုတ်ပြန် လိုက်ပါတယ်။
အေဂျင်စီရဲ့ ထုတ်ပြန်ချက်အရ “မင်းသမီးဟာ လက်ရှိ ရိုက်ကူးနေတဲ့ Return ရုပ်သံစီးရီးကနေ နှုတ်ထွက်မှာ ဖြစ်ပြီး Return ဇာတ်လမ်းတွဲကို စောင့်မျှော်အားပေးနေတဲ့ ပရိသတ်များကို အထူး ကျေးဇူးအထူးတင်သလို အခုလို မင်းသမီး နှုတ်ထွက်သွားတဲ့ အတွက်လည်း တောင်းပန်ပါတယ်” လို့ ဖော်ပြထားတာ တွေ့ရပါတယ်။
မင်းသမီး ဂိုဟွန်းဂျောင်ဟာ ဒီဇာတ်လမ်းတွဲမှာ အဓိက ဇာတ်ဆောင်နေရာကနေ ပါဝင် ရိုက်ကူးနေပေမယ့် ဒါရိုက်တာ အဖွဲ့နဲ့ သဘောထား ကွဲလွဲမှုတွေရှိခဲ့ပြီး နှစ်ဦးနှစ်ဖက် ညှိနှိုင်းနေဆဲကာလမှာ ဇာတ်လမ်းတွဲကို မင်းသမီးအနေနဲ့ ဆက်လက် ရိုက်ကူးမှု ဆက်မလုပ်တော့ဖို့ ဆုံးဖြတ်လိုက်တာလို့ သိရပါတယ်။

တဖက်နဲ့တဖက် ရှင်းမရတဲ့ ပြဿနာတွေကြောင့် မင်းသမီး ဂိုဟွန်းဂျောင်တယောက် ဇာတ်လမ်းတွဲကနေ နှုတ်ထွက် သွားတဲ့အပေါ် ကြည့်ရှုသူ ပရိသတ်တွေကိုရော ရိုက်ကူးရေးအဖွဲ့သားအားလုံးကိုပါ တောင်းပန်တဲ့အကြောင်း အေဂျင်စီရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
“Return ရုပ်သံဇာတ်လမ်းတွဲကို ဆက်လက်အားပေးကြဖို့နဲ့ မင်းသမီးကလည်း အားပေးသွားမှာပါ” လို့ ဆိုပါတယ်။ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ မင်းသမီး ဂိုဟွန်းဂျောင်နဲ့ ထုတ်လုပ်ရေး ဒါရိုက်တာတို့ စကားအချေအတင် ဖြစ်ကြတယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် ဒီသတင်းနဲ့ ပတ်သက်ပြီး အတည်ပြုချက်တွေတော့ အခုထိ မရှိသေးပါဘူး။

SBS ရုပ်သံဌာနဘက်ကလည်း ဆက်လက်ရိုက်ကူးမယ့် အပိုင်းသစ်အတွက် ခေါင်းဆောင်မင်းသမီး အစားထို့ဖို့ ပြင်ဆင် နေကြောင်း ကြေညာထားပါတယ်။ Return ရုပ်သံဇာတ်လမ်းတွဲကို တောင်ကိုရီးယားနိုင်ငံ၊ SBS ရုပ်သံလိုင်းကနေ ဇန်နဝါရီလ ၁၇ ရက်နေ့မှ စတင်ကာ အပတ်စဉ် ဗုဒ္ဓဟူးနေ့၊ ကြာသပတေးနေ့တွေ့မှာ ထုတ်လွှင့်ခဲ့တာဖြစ်ပြီး ဇာတ်လမ်းတွဲ အပိုင်း စုစုပေါင်း ၃၂ ပိုင်းရှိမယ်လို့ သိရပါတယ်။

မင်းသမီး ဂိုဟွန်းဂျောင် နှုတ်ထွက်သွားတဲ့ သတင်းထွက်ပေါ်လာပြီးနောက် Return ဇာတ်လမ်းတွဲ ကြည့်ရှုနှုန်း အမြင့်ဆုံး ရောက်သွားခဲ့တယ်လို့ နောက်ဆက်တွဲ သတင်းတွေအရ သိရပါတယ်။ အပိုင်း ၁၃ ထိ ကြည့်ရှုနှုန်း ပျမ်းမျှ ၁၄ ဒဿမ ၄ ရာခိုင်နှုန်းကနေ အပိုင်း ၁၄ အပြီးမှာ ၂၂ ဒဿမ ၁ ရာခိုင်နှုန်းအထိ အမြင့်ဆုံးစံချိန် တက်လာခဲ့တယ်လို့ သိရပါတယ်။
Ref : Soompi.com