ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ကြောင့် မိန်းကလေး ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ မော်ဒယ် ထူးအောင်က သူ့ရဲ့ ပထမဆုံးဇာတ်လမ်းတွဲဖြစ်တဲ့ “ပုဂံမြို့သူ” ဇာတ်လမ်းတွဲကို ဝါရင့် မင်းသားကြီး ဦးကျော်သူနဲ့လက်တွဲပြီး ရိုက်ကူးနေတယ်လို့ သိရပါတယ်။
ဒီဇာတ်လမ်းတွဲထဲမှာ ထူးအောင်အနေနဲ့ “သူဌေးသား ကိုကိုလွင်” ဆိုတဲ့ ဇာတ်ရုပ်ကို သရုပ်ဆောင်ထားပြီး ဒါရိုက်တာဖြစ်တဲ့ ဦးကျော်သူက သူ့ကို သရုပ်ဆောင်မှု အပိုင်းနဲ့ ပတ်သက်ပြီး အများကြီးသင်ကြား ပြသ ပေးလို့ ကျေးဇူးတင်ပါတယ်လို့ ထူးအောင်က ဧရာဝတီကို ပြောပါတယ်။
“ဒီဇာတ်လမ်းတွဲ ထဲမှာ သူဌေးသား ကိုကိုလွင် နေရာကနေ ပါဝင် သရုပ်ဆောင်မှာပါ။ သုံးပွင့်ဆိုင် ဇာတ်လမ်းလေးပေါ့။ ရှေးဘဝရော၊ ဒီဘဝရော ပါတယ်။ ဒီဇာတ်လမ်းတွဲမှာ အများကြီး ပညာတွေရတယ်” လို့ ထူးအောင်က ဆိုပါတယ်။
“ပုဂံမြို့သူ” ဇာတ်လမ်းတွဲကို ဒါရိုက်တာအဖြစ် အကယ်ဒမီ ကျော်သူက ရိုက်ကူးပြီး သရုပ်ဆောင်များအဖြစ် ဒေါင်း ၊ထူးအောင်၊ မေမြင့်မိုရ်တို့ ပါဝင်ကာ လက်ရှိ ပုဂံမြို့မှာ ရိုက်ကူးနေတယ်လို့ သိရပါတယ်။
“ကိုဒေါင်းကလည်း ကိုယ့်ထက် အများကြီး စီနီယာကျတယ်။ အဓိကက ဦးကျော်သူပါ။ သူက ဒါရိုက်တာပေါ့ ရိုက်ကွင်းမှာ လိုအပ်တာတွေရှိရင် စနစ်တကျသင်ပေးတယ်။ ဘယ်လိုလုပ်သင့်တယ်၊ ဘယ်လိုလုပ်ရင် ကောင်းတယ် စသဖြင့်ပေါ့။ ကျနော်က အသစ်ဖြစ်တဲ့အတွက် လိုအပ်ချက်တွေ အများကြီးရှိပါတယ်။ စိတ်ရှည်ရှည်နဲ့ သင်ကြားပေးတယ်။ ကျနော်တို့ ရိုက်ပြီးသားတွေ ပြန်ကြည့်တဲ့အခါ ဘယ်နေရာ ဘာလိုလဲ ဆိုတာကို အမြဲတမ်း သင်ပေးတယ်၊ အများကြီးကျေးဇူးတင်ပါတယ်” လို့ ထူးအောင်က ပြောပါတယ်။
ထူးအောင်ဟာ၂၀၁၇ ခုနှစ်မှာ ပြသခဲ့တဲ့ “ဇွတ်ကျား” ရုပ်ရှင်ကားကြီးမှာ ပါဝင် သရုပ်ဆောင်ခဲ့ရာကနေ ပရိသတ်များ သတိထားမိပြီးနောက်ပိုင်း သရုပ်ဆောင်အလုပ်ကို ပိုလုပ်ဖြစ်နေပြီး တပ်မတော်နေ့မှာ ပြသမယ့် “စစ်ကိုမုန်း၍ တိုက်ခဲ့သည်” ဇာတ်ကားမှာလည်း ပါဝင် သရုပ်ဆောင် ထားတယ်လို့ သိရပါတယ်။
အဆိုပါ “စစ်ကိုမုန်း၍ တိုက်ခဲ့သည်” ဇာတ်ကား ရိုက်ကူးမှု အတွေ့အကြုံကို မေးကြည့်တဲ့အခါ “စစ်ကိုမုန်း၍ တိုက်ခဲ့သည် ဇာတ်ကားအတွက်တော့ ရင်ခုန်မှုရှိတယ်။ ၃လပိုင်း တပ်မတော်နေ့ မတိုင်ခင်မှာ ထုတ်လွှင့် ပြသမယ်။ ပြောင်းလဲရမယ်၊ အောင်မြင်ရမယ်ဆိုပြီးတော့ သရုပ်ဆောင်ခဲ့တာ မဟုတ်ပါဘူး။ ကျနော်လုပ်တဲ့ အနုပညာ အလုပ်တခုကို ကောင်းမွန်စေချင်တဲ့ စိတ်ဆန္ဒနဲ့ အကောင်းဆုံးလုပ်ခဲ့တယ်။ ဒါပေမယ့် ထွက်လာတဲ့ အခါကျရင်တော့ ကိုယ်ကအသစ်ဆိုတော့ လိုအပ်ချက်တွေတော့ ရှိမှာပဲ။ ပရိသတ်တွေက ဖြည့်ဆည်းပြီး ကြည့်ပေးပါ” လို့ထူးအောင်က ပြောပါတယ်။