တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ပရိသတ် အားပေးမှု တခဲနက် ရရှိခဲ့တဲ့ “Along With The Gods” ရုပ်ရှင်ဟာ နောက်ထပ် စံချိန်သစ်တခု ထပ်ချိုးနိုင်ခဲ့ပြီလို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ Korean Film Council ရဲ့ထုတ်ပြန်ချက်အရ လက်မှတ်စောင်ရေ ၁၄,၂၅၉,၃၉၄ စောင်ရေ ရောင်းချနိုင်ခဲ့တာမို့ ဒါဟာ လက်မှတ်စောင်ရေ ၁၄,၂၅၇,၁၁၅ စောင်ရေ ရောင်းချခဲ့ရတဲ့ “Ode to My Father” ရုပ်ရှင်ကို ကျော်လွန်ပြီး ဒုတိယနေရာကို ရောက်လာတာလည်း ဖြစ်ပါတယ်။
“Along With The Gods” ရုပ်ရှင်ဟာ ကိုရီးယား Box Office မှာ ဒုတိယမြောက် စံချိန်တင်နိုင်လိုက်တဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။ စတင်ပြသခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ကစပြီး ၆ ရက်အကြာမှာတင် ကြည့်ရှုသူ ၄ သန်း ကျော်သွားပြီး ဇန်နဝါရီလ ၄ ရက်နေ့ အရောက်မှာ ကြည့်ရှုသူ ၁၀ သန်း စံချိန်ကို ရိုက်ချိုးနိုင်ခဲ့ပါတယ်။ သူ့နောက်မှာတော့ ကြည့်ရှုသူ တတိယမြောက် စံချိန်တင်ထားတဲ့ “Veteran” ရုပ်ရှင် ရှိနေပါတယ်။
လူကြိုက်များ နာမည်ကျော်တဲ့ webtoon (အွန်လိုင်းပေါ်မှာ ထုတ်လုပ်သော ကာတွန်းဇာတ်လမ်း) တခုကို အခြေခံ ရိုက်ကူးထားတဲ့ “Along With The Gods: The Two Worlds” ရုပ်ရှင်ဟာ အဆက်အနေနဲ့ ထပ်ရိုက်ဖို့ စီစဉ်ထားတဲ့ ပထမဆုံး ရုပ်ရှင်လည်းဖြစ်ပါတယ်။
ဒီရုပ်ရှင်မှာ “သေဆုံးသွားတဲ့ မီးသတ်တပ်ဖွဲ့ဝင် ကင်ဂျာဟွန်း (မင်းသား Cha Tae-hyun) ဟာ သေမင်းတမန်တွေရဲ့ ခေါ်ဆောင်ရာ နောက်ကို လိုက်သွားခဲ့ရပြီး သက်ဆိုင်ရာ နတ်ဘုရားတွေရဲ့ ၄၉ ရက်ကြာ အမျိုးမျိုးသော စမ်းသပ် စစ်ဆေးမှု တရားခွင်တွေ ရင်ဆိုင်ဖြေရှင်းပုံ အကြောင်း”ကို ရိုက်ကူးပြသထားတာပါ။
အဓိက ဇာတ်ဆောင်တွေအဖြစ် ဟဂျန်းဝူ (Ha Jung-woo) ၊ ချာတေးဟွန်း (Cha Tae-hyun) ၊ ဂျုးဂျီဟွန်း (Ju Ji Hoon) နဲ့ ကလေး သရုပ်ဆောင် ကင်ဟွန်းဂီ (Kim Hyang-gi) တို့ ပါဝင်သရုပ်ဆောင် ထားပါတယ်။
Action, Adventure, Drama, Science Fiction ဇာတ်လမ်း အမျိုးအစားဖြစ်ပြီး အမေရိကန် ဒေါ်လာ ၁၀၅ သန်းကျော် ဝင်ငွေရှိနေတဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။ အဲဒီဇာတ်ကားရဲ့ ဒုတိယရုပ်ရှင် အဆက်ကိုတော့ လာမယ့် ၂၀၁၈ ခုနှစ်၊ နွေရာသီမှာ ရုံတင်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ကို အခြေခံ ယူထားတဲ့ webtoon အဆက်ကိုလည်း ဆက်လက်ရေးသား ထုတ်ဝေနေဆဲလို့ သိရပါတယ်။
Ref: Soompi