ဒီနေ့ခေတ် လူ့ဘောင်အဖွဲ့အစည်းမှာ လက်မထပ်သေးဘဲ အတူတူနေသူ(လိင်ဆက်ဆံကြသူ)တွေ အများကြီး ပါ။ အဲဒါအပြင် နောက်ထပ်ယဉ်ကျေးမှုတခုလည်း ဖြစ်တည်လာပါတယ်။ အဲဒါကတော့ Sext လို့ဆိုတဲ့ အင်္ဂလိပ် ဘန်းစကား၊ အရှည်က Sex-chat ဆိုတဲ့ အဖော်အချွတ်ပုံတွေ၊ စကားတွေကို အွန်လိုင်း Chat box ကနေ ပြောကြတာပါ။ တချို့လည်း မိမိချစ်သူနဲ့ မိမိပြောကြတယ်။ တချို့ကလည်း အခကြေးငွေ တခုခု (ပြည်တွင်းမှာ တော့ ဖုန်းဘေလ်ပေးနည်း)နဲ့ လက်ခံပြောကြပါတယ်။
အခု စာရေးသူပြောမှာက မိမိချစ်သူနဲ့မိမိ ပြောဆိုမှုတွေအတွက်ပါ။ တကယ်တမ်း ရေခြား မြေခြား ဝေးကွာနေတဲ့ချစ်သူတွေ၊ အိမ်ထောင်သည်တွေအတွက်ကတော့ အခုလို အွန်လိုင်းပေါ်ကနေ နှစ်ယောက်တည်းသိတဲ့ အဖော်အချွတ်စကားတွေပြောရင်း နှစ်သိမ့်ကျေနပ်မှု ရှာကြတာ အပြစ်လို့တော့ မဆိုနိုင်ပါဘူး။
ဒါပေမယ့် ဒီလို အဖော်အချွတ်စကားတွေက ကောင်းပါရဲ့လား။ အယ်ဘာတာ တက္ကသိုလ်(Alberta)က လေ့လာရေးအဖွဲ့ရဲ့ဆောင်းပါးတခုကို Computers in Human Behavior ဂျာနယ်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။ သူတို့ရဲ့ လေ့လာချက်အရတော့ ဝေးကွာနေတဲ့ ချစ်သူတွေအနေနဲ့ အွန်လိုင်းကနေ အဖော်အချွတ်စကားတွေ ပြောဆိုမှုမှာ လိင်စိတ်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှု ဖြစ်စေပေမယ့် ချစ်သူနှစ်ဦးအကြား ချစ်ခြင်းမေတ္တာကိုတော့ ပြောင်းလဲမှုရှိသွားစေတယ်လို့ ဆိုပါတယ်။
လေ့လာရေးအဖွဲ့က အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေက အရွယ်ရောက်ပြီး လူငယ် ၆၁၅ ဦးကို စစ်တမ်းကောက် လေ့လာမှုလုပ်ဆောင်ထားတာ တွေ့ရပါတယ်။ အထူးသဖြင့်တော့ အဆိုပါ လူရွယ်တွေရဲ့ အွန်လိုင်းကနေ အဖော်အချွတ်စကားတွေအကြောင်း လေ့လာထားတာပါ။ ဒီလို လေ့လာမှုမှာ ပုံစံ ၄ မျိုးထိအောင် ကွဲထွက် သွားတာ တွေ့လာရပါတယ်။ လုံးဝ အဖော်အချွတ်စကားမပြောသူ၊ အဖော်အချွတ်(စကား)ပဲ ပြောသူ၊ မကြာခဏ အဖော်အချွတ်စကားပြောသူနဲ့ ပုံတွေ၊ စာတွေအစုံနဲ့ အဖော်အချွတ်စကားပြောသူတွေ ဖြစ်ပါတယ်။
ဒီနေရာမှာ အဖော်အချွတ်ပြောသူ ဖြစ်နေမယ်ဆိုရင်တော့ မိမိတို့ပြောဆိုသမျှကို တဖက်နဲ့တဖက် လုံးဝ သစ္စာ စောင့်သိဖို့ လိုအပ်လာပါပြီ။ လေ့လာချက်အရတော့ စာတွေ၊ ပုံတွေနဲ့ ပြောဆိုသူတွေက ပိုပြီး လူသိ မခံလိုကြဘူးလို့ ဆိုပါတယ်။ ပြီးတော့ သူတို့ဟာ ကာလသားကြိုက် ရုပ်သံတွေလည်း ပိုကြည့်လေ့ရှိတယ်လို့ သိရပါတယ်။
အွန်လိုင်းကနေ အဖော်အချွတ်စကားပြောသူတွေက လူရော စိတ်ကျန်းမာရေးအတွက်ရော မကောင်းပါဘူးလု့ိ လေ့လာရေးအဖွဲ့ခေါင်းဆောင်လည်းဖြစ်၊ လူမှုဘဝရေးရာပညာရှင် ပါမောက္ခ Adam Galovan က ပြောပါတယ်။ လေ့လာတွေ့ရှိချက်အရ အဖော်အချွတ်စကားပြောတတ်သူတွေဟာ လိင်မှုရေးရာမှာပဲ ပိုပြီး စိတ်အား ထက်သန်သလို အခြား ချစ်ခင်ကြင်နာမှုလို အပိုင်းတွေမှာ အားနည်းသွားတယ်လို့ သူက ရှင်းပြပါတယ်။
ပြောရရင်တော့ နည်းပညာ အကူအညီရယူပြီး လိင်ဆက်ဆံခြင်း ပုံစံတမျိုးပါ။ တကယ်တမ်း ချစ်ခင်မှု မပါပါဘူး။ အဆင်မသင့်ရင် တစုံတယောက်က မိမိတို့ရဲ့ ပြောဆိုချက်တွေကို ဖွင့်ချ ဖော်ပြခြင်းတောင် ခံရသွားနိုင်ပါတယ် လို့ ဆိုပါတယ်။
စိတ်ကြည်နူးပျော်ရွှင်ဖို့အတွက် အချိန်မပေးချင်ဘူး။ မိမိရဲ့ စိတ်ဆန္ဒကိုပဲ ဦးစားပေးပြီး အဖော်အချွတ် စကားတွေ ပြောဆိုတတ်ကြပါတယ်။ ဒါဟာ အမှန်တကယ် ချစ်ရာမရောက်ပါဘူး။ ခိုင်မာတဲ့ သံယောဇဉ်တခု တည်ဆောက်ခြင်းလည်း မဟုတ်ပါဘူးလို့ အဒမ်က ဆက်ပြောပါတယ်။
ဒါပေမယ့် အခု နောက်ပိုင်း အဖော်အချွတ်စကားပြောဆိုမှုတွေ ရေပန်းစားနေတာကတော့ ငြင်းလို့မရပါဘူး။ လေ့လာချက်အရ ၅၈ ရာခိုင်နှုန်းလောက်သော အရွယ်ရောက် ကျောင်းသားတွေက အဖော်အချွတ်စကားတွေ စပြောဖူးတယ်လို့ ဆိုသလို ၆၂ ရာခိုင်နှုန်းလောက်သောသူတွေက ဒီလို စကားတွေပြောဖို့ ကမ်းလှမ်း ခံရဖူးတယ်လို့ သိရပါတယ်။ အထူးသဖြင့်တော့ အဖော်အချွတ်စကား စပြောဖို့ ကောင်လေးတွေက စတင် စည်းရုံးတာလည်း ဖြစ်ပါတယ်။
ဒီလို အဖော်အချွတ်စကားပြောတယ်ဆိုတဲ့ သူတွေထဲက ထက်ဝက်လောက်က လိင်စိတ်ဖြစ်လာကြောင်းနဲ့ စိတ်ခံစားမှု အဆင်ပြေကျေနပ်ကြောင်း ဆိုကြပါတယ်။ ဒါပေမယ့် ကျန်တဝက်လောက်က ဒီလို အွန်လိုင်းကနေ အဖော်အချွတ် စကားပြောရတာ မနှစ်သက်ပါဘူးတဲ့။ မနှစ်သက်ရတဲ့ အကြောင်းကလည်း မိမိပို့လိုက်၊ ပြောလိုက်တဲ့ စာ၊ ပုံတွေ ပျံ့နှံ့မှုရှိမှာ စိုးကြလို့ပါ။
လေ့လာချက်အတွင်း ၃၅၂ ဦးသော ကျောင်းသား၊ ကျောင်းသူတွေထဲက မိန်းကလေးတွေက အဖော်အချွတ် စကားပြောဆိုရမှုတွေကို မနှစ်သက်လိုကြဘူး၊ စိတ်အဆင်ပြေမှုဆိုတာထက် ပုံတွေ၊ စာတွေ ပျံ့နှံ့မှာကို စိုးရွံ့နေတတ်ကြပြီး သက်ငယ်ပိုင်း ကောင်းလေးတွေကတော့ ဒီလို ပြောဆိုရတာကို နှစ်သက်တယ်လို့ တွေ့ရပါတယ်။
ဒီတော့ အခုခေတ်မှာ အဖော်အချွတ်စကားတွေ ပြောတာကောင်းရဲ့လား။ တွေးစရာ ရှိတာက သင်ကိုယ်တိုင်ရော သင်နဲ့ ပြောမယ့် ချစ်သူရော၊ နှစ်ဦးစလုံး သစ္စာရှိရဲ့လား။ ပုံတွေ၊ စာတွေကို နှစ်ဦးတည်း သိစေမှာ သေချာရဲ့လား။ ပြီးတော့ တကယ်တမ်းရော အဖော်အချွတ်စကားတွေ ပြောလိုက်လို့ နှစ်ဦးစလုံး စိတ်ကျေနပ်မှု ရှိမှာရော သေချာရဲ့လား။ ဒါဆိုရင်တော့ နှစ်ကိုယ်ကြား အဖော်အချွတ်စကားတွေက ဆိုးကျိုး မရှိနိုင်ပါဘူး။ စိတ်ကျေနပ်မှုအတွက် ပြောနိုင်ပါတယ်။
ဒါပေမယ့် တခုသိထားရမှာက ကိုယ်ပြောသလို ဖြစ်ပါတယ်။ တန်ဖိုး မရှိပါဘူးဆိုတဲ့ အတွေးမျိုးနဲ့ နှစ်ကိုယ်ကြား ချစ်ခင်မှု သံယောဇဉ်တွေ လျော့နည်းသွားတတ်လို့ လိင်စိတ်ကို ကျေနပ်စေမှုထက် တကယ်တမ်း ချစ်ရာ မရောက်တဲ့ အဖော်အချွတ်စကားတွေ မပြောတာတော့ အကောင်းဆုံးပါ။
www.businessinsider.com တွင်ဖော်ပြထားတဲ့ People who sext their partners a lot are more sexually satisfied – but their relationship could be suffering in other ways ဆိုတဲ့ ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။