Entertainment

“Hyori's Homestay 2'” အစီအစဉ်မှာ ပါဝင်လာမယ့် ကိုရီးယားမင်းသား Park Bo Gum

Want create site? Find Free WordPress Themes and plugins.

ကိုရီးယားမင်းသား Park Bo Gum (ပတ်ဘိုဂွန်း) ဟာ အဆိုတော်၊ အစီအစဉ်တင်ဆက်သူ တဦးဖြစ်တဲ့ Lee Hyori နဲ့ သူ့ရဲ့ခင်ပွန်းသည် Lee Sang Soon တို့ တင်ဆက်နေတဲ့ “Hyori’s Homestay 2” အစီအစဉ်မှာ ပါဝင်လာတော့မယ်လို့ သိရပါတယ်။

မကြာခင် တင်ဆက်တော့မယ့် အဲဒီအပိုင်းမှာတော့ ယခင်က မင်းသား Park ရဲ့ စိတ်ကူးထဲက မိန်းကလေးပုံစံ ဖြစ်တယ်လို့ ရည်ညွှန်းခဲ့တဲ့ Hyori နဲ့ သူ့အိမ်မှာ နေထိုင်သူတွေအကြား စကားအချီအချ ပြောခန်းနဲ့ စတင်ထားပါတယ်။ အဲဒီလိုမျိုး ရည်ညွှန်းခဲ့ဖူးတဲ့အကြောင်းကို သက်သေပြဖို့အတွက် Hyori ဟာ အင်တာနက်ပေါ်မှာ အဲဒီအင်တာဗျုးကို ရှာဖွေခဲ့ပေမယ့် မတွေ့တဲ့အတွက် လူကိုယ်တိုင်ဖိတ်ကြားပြီး မေးမြန်းမယ်လို့ ဆိုလိုက်ပါတယ်။

အဲဒီနောက် ဂျယ်ဂျူးကျွန်းမှာရှိတဲ့ Hyori နဲ့ Sang Soon တို့ရဲ့ အိမ်ကို မင်းသား Park ရောက်ရှိလာတာကို ပြသထားပါတယ်။ မင်းသား Park ဟာ Hoyri တို့အိမ်မှာ အဆိုတော်၊ သရုပ်ဆောင် ယွန်နာ နဲ့တွေ့ဆုံခဲ့တဲ့အပြင် မီးဖိုချောင်မှာ အစားအသောက်ပြင်ဆင်တာ၊ အိမ်သန့်ရှင်းရေး လုပ်တာတို့ကို ကူညီပေးခဲ့ပြီးတော့ စန္ဒယားပါ တီးပြခဲ့ပါတယ်။ အဲဒီနောက် စာအုပ်ဖတ်ရင်း အိပ်ပျော်သွားတဲ့ မြင်ကွင်းတွေလည်း ပါရှိပါတယ်။

“Love in the Moonlight” ရုပ်သံဇာတ်လမ်းတွဲ စတား မင်းသား Park ဟာ အချိန်ပိုင်းအလုပ်သမားအနေနဲ့ အဲဒီအိမ်မှာ ၃ ရက်လောက် နေခဲ့ပါတယ်။ အဲဒီအစီအစဉ် အမြည်းဗီဒီယိုမှာဆိုရင်တော့ သူ့ကို ဟင်းချက်တော်တဲ့သူ၊ သန့်ရှင်းရေး ကျွမ်းကျင်တဲ့သူ၊ စန္ဒယားကောင်းကောင်းတီးနိုင်တဲ့သူ၊ ခွေးချစ်တတ်တဲ့သူအဖြစ် မြင်တွေ့ရမှာဖြစ်ပြီး အိပ်ပျော်နေချိန်မှာတောင် ကြည့်ကောင်းနေတဲ့သူ ဖြစ်တယ်ဆိုတာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ကိုရီးယားမင်းသား Park Bo Gum (ဓာတ်ပုံ – hancinema)

“Hyori’s Homestay” အစီအစဉ်ရဲ့ season 2 အပိုင်းတွေကို JTBC ရုပ်သံလိုင်းကနေ တနင်္ဂနွေနေ့တိုင်း ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကတော့ ဒါရိုက်တာ Yoon Hyun Joon က သူတို့ရဲ့ အစီအစဉ်မှာ မင်းသား Park ကို ခေါ်ရိုက်ဖြစ်ခဲ့ပုံကို ပြောပါတယ်။

သူက “နာမည်ကျော်ကြားသူ တော်တော်များများက ဒီအစီအစဉ်မှာ ပါဝင်လာတဲ့ အတွက် သူ့ကိုလည်း ဒီအစီအစဉ်မှာ ပါဝင်ဖို့ တောင်းဆိုခဲ့တာပါ၊ ကြည့်တဲ့ပရိသတ် တော်တော်များများကလည်း ‘Hyori’s Homestay 2’ အစီအစဉ်မှာ ဝန်ထမ်းတယောက် အနေနဲ့ မြင်ချင်တယ်လို့ ပြောလာကြလို့လည်း ဖြစ်ပါတယ်” လို့ ပြောဆိုပါတယ်။

ဒါ့အပြင်သူက ” Park Bo Gum ဟာ ကျနော်တို့နိုင်ငံကို ကိုယ်စားပြုတဲ့ ထိပ်တန်းကိုရီးယားစတားတစ်ယောက် ဖြစ်တဲ့အတွက် သူ့ကိုခေါ်ရိုက်ဖို့ ဆိုတာတော့ မလွယ်ပါဘူး၊ ဒါပေမယ့် ကံကောင်းချင်တော့ သူက Lee Hoyri ရဲ့ ပရိသတ်တယောက် ဖြစ်နေတာပါပဲ၊ ဒါကြောင့် သူဟာ ပါဝင်သရုပ်ဆောင်ဖို့ ပျော်ပျော်ရွှင်ရွှင်ပဲ သဘောတူခဲ့တာပါ။ ပြီးတော့ အစီအစဉ်မှ ကူညီဖို့ ကြိုးစားသွားမယ်လို့ ကတိပေးထားပါတယ်” လို့ ပြောပါတယ်။

Ref; aceshowbiz

Did you find apk for android? You can find new Free Android Games and apps.
Loading