Entertainment

“တယောက်တည်း ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနေတယ်”ဆိုတဲ့ Lလွန်းဝါ

Want create site? Find Free WordPress Themes and plugins.

အသံချိုချို အေးအေးလေးနဲ့ တေးသီချင်းများကို သီဆိုလေ့ရှိပြီး “အချစ်မျက်ဝန်း” သီချင်းပိုင်ရှင် တေးသံရှင် Lလွန်းဝါက ပရိသတ်တွေရှေ့ကနေ ခဏတာ ပျောက်နေပြီး ၂ နှစ် နီးပါးလောက် အကြာမှာ ပြန်လည် ထွက်ပေါ်လာခဲ့ပြီး ယခုအချိန်မှာတော့ သူဟာ တယောက်တည်း အေးအေးချမ်းချမ်း ဘဝကို ဖြတ်သန်း နေတယ်လို့ ပြောပါတယ်။

“ကျနော် ဆေးကျောင်း ပြန်တက်တယ်။ ဘွဲ့ရပြီးတဲ့အချိန်မှာ တခြား လူမှုရေး ပြဿနာတွေ ကြုံတွေ့တယ်။ မိသားစု ပြဿနာတွေ ကြုံတွေ့တယ်။ အဲဒီအတွက် အချိန် ၁ နှစ်ခွဲလောက် ကျနော် ရပ်သွားတယ်။ လူတွေနဲ့ တွေ့တာပါ ရပ်သွားတယ်။ အိမ်ထဲမှာ တယောက်တည်းနေတယ်” လို့ Lလွန်းဝါက ပြောပါတယ်။

ဆက်ပြီး သူက “အဲဒီအချိန်မှာ ဂီတာ ကိုင်ဖြစ်တယ်၊ သီချင်းရေးဖြစ်တယ်။ ကျနော် အခုလူတွေက မကောင်းဘူးလို့ သတ်မှတ်ထားတဲ့ အရာတွေ အကုန် မလုပ်တော့ပါဘူး။ အရက်ကအစ မသောက် တော့ပါဘူး။ ဘုရားတရား လုပ်တာများတယ်။ အေးအေးချမ်းချမ်းပဲ နေပါတယ်။ တယောက်တည်းပဲ ဖြတ်သန်းပါတယ်” လို့ ဆိုပါတယ်။

အဆိုတော် Lလွန်းဝါက နောက်ပိုင်းမှာ ထွက်ရှိလာမယ့် သီချင်းတွေဟာ သူစိတ်ညစ်ရတဲ့ အချိန်တွေမှာ နားထောင်တဲ့ သီချင်းတွေကို စုထားပြီး ပြန်ဆိုတဲ့ သီချင်းပုံစံများ ထွက်ရှိသွားမယ်လို့ ပြောပါတယ်။

အချစ်သီချင်းတွေ ဆိုရင်လည်း “ကောင်လေးက ကောင်မလေးကို ဘယ်လိုချစ်လဲ” ဆိုတဲ့ အကြောင်းအရာ ပုံစံမျိုး မဟုတ်တော့ဘဲ “ကောင်လေးနဲ့ကောင်မလေး ပြဿနာဖြစ်ပြီး ဘယ်လိုဖြေရှင်းကြလဲ” ဆိုတဲ့ အကြောင်းအရာ ပုံစံမျိုးတွေ ပါဝင်သွားမယ်လို့ သူက ဆိုပါတယ်။

“အခုနောက်ပိုင်းမှာ သီချင်းတွေလည်း လုပ်ဖို့အတွက် အင်အားလည်း ရှိလာပြီ။ အခွေပြန်ထွက်တဲ့ အချိန်မှာလည်း အားလုံးက ကြိုဆိုကြတဲ့အတွက် ကျေးဇူး အများကြီးတင်ပါတယ်။ ငါကတော့ တခုခု ချွတ်ယွင်းသွားရင် လူတွေက ကြည့်ကြတော့မှာ မဟုတ်ဘူးလို့ ထင်ခဲ့တယ်။ ဒါပေမယ့် လူတွေက အဲဒီလို မဟုတ်ဘူး။ အရမ်းကို ချစ်ဖို့ကောင်းတယ်။ အဲဒီအတွက် အားအရမ်း ရှိတယ်” လို့ Lလွန်းဝါက ပြောပါတယ်။

တေးသံရှင် Lလွန်းဝါက ပရိသတ်နဲ့ ကင်းကွာနေတဲ့ အချိန်ကာလအတွက် တကိုယ်တော်အခွေများ ထွက်ရှိရန် အလုပ်များ များပြားလျက်ရှိနေပြီး မကြာခင်မှာ ပရိသတ်တွေက သူ့ရဲ့သီချင်းတွေ အများကြီး နားဆင်ရတော့မယ်လို့ သူက ပြောပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading