မြန်မာပြည်က ပရိသတ်ကြီးနဲ့ နှစ်၂၀ ကျော်ကြာ ဝေးကွာခဲ့တဲ့ တေးသံရှင် မဒီက ယခုနှစ် မကုန်ခင် ပရိသတ်များအတွက် ဖျော်ဖြေပွဲပြုလုပ်ပေးဖို့ မြန်မာပြည်ကို ပြန်ရောက်နေတယ်လို့ မဒီရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။
“မဒီ ရန်ကုန်မှာ ရောက်နေကြောင်းကို ဝမ်းသာအားရ ပြောပြရင်း ဒီနေ့၊ ဒီအချိန်အထိ အားပေးချစ်ခင်ပေးတဲ့ ပရိသတ်ကိုလည်း အမြဲတမ်း ကျေးဇူးတင်ပါတယ်ဆိုတာ ထပ်ပြီး ပြောပါရစေ။ ပရိသတ် တော်တော်များရဲ့ ပွဲလုပ်ပေးဖို့ တောင်းဆိုသံများကိုလည်း ဒီနှစ်မကုန်ခင်မှာ တတ်နိုင်သလောက် ဖြည့်ဆည်းနိုင်ဖို့အတွက် ဒီခရီးစဉ်ကို ကြိုးစားပြီး ရောက်လာရပါတယ်” လို့ အဆိုတော် မဒီက ရေးသားထားပါတယ်။
မဒီက မြန်မာပြည်ရောက်နေတဲ့ အချိန်အတောအတွင်း ဒီနှစ်မကုန်ခင်အချိန်တွင် ပွဲလုပ်ဖို့အတွက် ဖြစ်နိုင်ရဲ့လား ဆိုတာကိုလည်း မိသားစု၊ မိတ်ဆွေသူငယ်ချင်းများ၊ ပွဲစီစဉ်သူများနဲ့ တွေ့ဆုံ ဆွေးနွေး နေတယ်လို့ ဆိုပါတယ်။
“ရောက်နေတဲ့ အချိန်ကာလ တိုတိုလေးအတွင်းမှာ ပွဲတွေ ဒီနှစ်မကုန်ခင်မှာ ဖြစ်နိုင်မလားဆိုတာကို စီစဉ်သူ တချို့နဲ့ တွေ့ဆုံဆွေးနွေးရင်း၊ မိသားစုနဲ့ ငယ်သူငယ်ချင်းများကိုလည်း အချိန်ပေးရင်း သီချင်းတချို့လည်း အချိန်ရရင် အသံသွင်း သွားချင်ပါသေးတယ်။ အားလုံး ကျန်းမာပျော်ရွှင်ပါစေ”လို့ မဒီက ရေးထားပါတယ်။
တေးသံရှင် “မဒီ”က ပရိသတ်နဲ့ ဝေးကွာပြီးနောက်ပိုင်း မကြာခင်မှာ ထွက်ရှိမယ့် “နေ့သစ်များ” လို့ အမည်ရတဲ့ ကိုယ်ပိုင်သံစဉ် တကိုယ်တော် သီချင်းခွေမှာ ပါဝင်မယ့် “ဒဏ္ဍာရီ” ဆိုတဲ့ သီချင်းကို အွန်လိုင်းမှာ တင်ရာကနေ ပရိသတ်များ အကြိုက်တွေ့ အားပေးလျက် ရှိတယ်လို့ သိရပါတယ်။