သရုပ်ဆောင် လမင်းကဗျာရဲ့ အနုပညာ ခြေလှမ်းသစ် အနေနဲ့ ပထမဆုံး တကိုယ်တော် တေးစီရီး “ဝီစကီ” သီချင်းခွေကို ဖေဖော်ဝါရီလအတွင်း ဖြန့်ချိသွားမယ်လို့ ယနေ့၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့၊ ရန်ကုန်မြို့ Orchid ဟိုတယ်မှာ စတင် မိတ်ဆက်လိုက်ပါတယ်။
“အခွေလုပ်နေတာတော့ တနှစ်လောက် ရှိပါပြီ။ တနှစ် အတွင်းမှာ လုပ်နေရင်းနဲ့ ၆ လ လောက်က နယ်တွေသွားလိုက်နဲ့ ၆ လလောက် နားလိုက်ရတယ်။ နောက်ပြီး ပရိသတ်ကို စကားကျွံထားတာ ရှိတယ်။ ၁၂ လပိုင်း ကုန်ရင် အခွေထွက်မယ် ဆိုပြီးတော့။ အဲဒါကို ပရိသတ်က ခဏခဏ လာမေးတယ်။ အခွေ မထွက်သေးဘူးလား၊ မထွက်သေးဘူးလားနဲ့ ဆိုတော့ မြန်မြန်ထွက်နိုင်အောင် လုပ်ရမယ်ဆိုပြီး လုပ်ဖြစ်တာပါ”လို့ သရုပ်ဆောင် လမင်းကဗျာက ပြောပါတယ်။
“ဝီစကီ”အခွေထွက်ဖို့အတွက် အခက်အခဲတွေလည်း ရှိခဲ့ပြီး သရုပ်ဆောင်အလုပ်နဲ့ သီချင်း သီဆိုမှုအပိုင်းကို ညီမျှအောင် လုပ်ဆောင်နေတယ်လို့လည်း လမင်းကဗျာက ဆိုပါတယ်။ သရုပ်ဆောင်၊ အဆိုတော် လမင်းကဗျာက “Vipers Bar & bbq” ဆိုတဲ့ စားသောက်ဆိုင်လည်း ဖွင့်လှစ်ထားပါတယ်။
သီချင်းခွေ နာမည်ကို “ဝီစကီ” လို့ ပေးထားတာနဲ့ ပတ်သက်ပြီး “အခွေနာမည် ပေးဖို့အတွက် တော်တော် စဉ်းစား ရတယ်။ နောက်တော့ လမင်းရဲ့ချစ်ရတဲ့ သူငယ်ချင်း တယောက်က ဝီစကီဆိုတဲ့ နာမည်လေး ပေးပါလားလို့ ပြောတော့ ဟုတ်ပြီပေါ့။ ငါလည်း ၂လပိုင်းမှာ ဝီစကီ ဆိုင်လည်း ဖွင့်မယ်။ ဝီစကီဆိုတဲ့ နာမည်လည်း ပေးမယ်။ ဆန်းဆန်းလေး ဖြစ်သွားအောင်လို့ ဆိုပြီး ပေးဖြစ်သွားတာပါ”လို့ လမင်းကဗျာက ပြောပါတယ်။
အဆိုပါ “ဝီစကီ” သီချင်းခွေမှာ စုစုပေါင်း သီချင်း ၁၁ ပုဒ် ပါဝင်မှာဖြစ်ပြီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ Bo Bo Music Production ကနေ တနိုင်ငံလုံးကို ဖြန့်ချိရောင်းချ ပေးသွားမယ်လို့ သိရပါတယ်။