Beauty Blogger နေခြည်ဦးက သူ့ဘဝရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “ရန်သူ” ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကြီးကို လက်ရှိ ပြင်ဦးလွင်မြို့မှာ ရိုက်ကူးနေပြီး ဇာတ်ကားမှာ သူ့ရဲ့ ပြင်ပက ကာရိုက်တာ ဇာတ်ရုပ် မပေါ်လွင်အောင် ကြိုးစားကာ သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။
“ရန်သူ” ရုပ်ရှင်ဇာတ်ကားက နေခြည့်ဘဝရဲ့ ပထမဦးဆုံး ရုပ်ရှင်ကားပါ။ စစဦးဆုံး အတွေ့အကြုံမှာ ပေါ့ပေါ့ပါးပါး ဇာတ်ရုပ် မဟုတ်ဘဲ နေခြည်ဦးဆိုတဲ့ Character ကို လုံးဝ မပေါ်အောင်နဲ့ ဝါရင့်သမ္ဘာရင့် ဒါရိုက်တာ၊ သရုပ်ဆောင်တွေနဲ့ သရုပ်ဆောင်ရတော့ အရမ်း တာဝန်ကြီးပါတယ်။ ကြိုးစားနေပါတယ်နော်”လို့ နေခြည်ဦးက သူ့ရဲ့ Facebook အကောင့်မှာ ရေးသားထားပါတယ်။
အဆိုပါ ဇာတ်ကားမှာ နေခြည်ဦးက နည်းပညာတက္ကသိုလ်မှ ပထမနှစ်ကျောင်းသူ “လေပြေနု”အဖြစ် သရုပ်ဆောင် ထားပါတယ်။ “ရန်သူ” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာမီးပွားမှ ရိုက်ကူးကာ သရုပ်ဆောင်များ အနေနဲ့ မင်းသား နေမင်း ၊မင်းသမီး ထပ်ဆင့်အကယ်ဒမီ ဝတ်မှုန်ရွှေရည်၊ Beauty Blogger နေခြည်ဦးတို့က အဓိက ပါဝင် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
“ရန်သူ” ရုပ်ရှင်ဇာတ်ကားကြီးဟာ စာရေးဆရာမ လွန်းထားထား (ဆေးတက္ကသိုလ်) ရဲ့ “တောင်ပံတွေသာ ရှိခဲ့ရင်” ဆိုတဲ့ ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည်ပုံဖော် ရိုက်ကူးတာဖြစ်ပြီး အဆိုပါ ဝတ္ထုဇာတ်လမ်းကို ယခင်က ဗီဒီယိုဇာတ်ကားအဖြစ် မင်းသား အကယ်ဒမီ ခန့်စည်သူ၊ မင်းသမီး အကယ်ဒမီ ခိုင်သင်းကြည်၊ မိုးဟေကိုတို့နဲ့ ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။