“71st British Academy Film Awards” (၇၁ ကြိမ်မြောက် ဗြိတိသျှ ရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲ) ကို အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာရှိတဲ့ Royal Albert ခန်းမမှာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး အဲဒီဆုပေးပွဲမှာ “Three Billboards Outside Ebbing, Missouri” ရုပ်ရှင်က ဆုအများဆုံး ရရှိခဲ့ပါတယ်။
အဆိုပါ မှုခင်းရုပ်ရှင်ဟာ စုစုပေါင်း ဆု ၅ ဆု ရရှိခဲ့တာဖြစ်ပြီး ဇာတ်ကားအနေနဲ့ “အကောင်းဆုံး ရုပ်ရှင်ဆု” ၊ “အကောင်းဆုံး ဗြိတိသျှ ရုပ်ရှင်ဆု” တို့နဲ့အတူ အဲဒီဇာတ်ကားမှာ ပါဝင်တဲ့ မင်းသမီး Frances McDormand က “အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆု”၊ ဇာတ်ကားကို ရိုက်ကူးတဲ့ ဒါရိုက်တာ Martin McDonagh က “အကောင်းဆုံး ဒါရိုက်တာဆု” နဲ့ မင်းသား Sam Rockwell က “အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု” တို့ကို ရရှိခဲ့ ပါတယ်။
ဗြိတိသျှဝန်ကြီးချုပ်ဟောင်း ဝင်စတန်ချာချီ အနေနဲ့ သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Gary Oldman ကတော့ “Darkest Hour” ဒရာမာရုပ်ရှင်နဲ့ “အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆု”ကို ရရှိခဲ့ပါတယ်။
ဆုလက်ခံ ရယူချိန်မှာ အသက် ၅၉ နှစ် အရွယ် မင်းသားကြီးက “သူ့ရဲ့နိုင်ငံနဲ့ တကမ္ဘာလုံးအတွက် ပေါင်းစည်းမှု၊ ဂုဏ်ပြုမှုနဲ့ လွတ်လပ်မှုတို့အတွက် လမ်းကြောင်း ဖော်ဆောင်နိုင်ခဲ့တယ်”လို့ ပြောကြားခဲ့ပါတယ်။ အဆိုပါ “Darkest Hour” ရုပ်ရှင်ဟာ “အကောင်းဆုံး မိတ်ကပ်နဲ့ ဆံပင်ဆု” တို့ပါ ရရှိခဲ့ပါတယ်။
![](https://burma.irrawaddy.com/wp-content/uploads/2018/02/71st-British-Academy-Film-Awards-2.jpg)
“အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု”ကို ကြေညာခဲ့ရာမှာတော့ မင်းသမီး Allison Janney က “I, Tonya” ရုပ်ရှင်နဲ့ ရရှိခဲ့ပြီး “တက်သစ်စ ကြယ်ပွင့်ဆု” ကိုတော့ “Get Out” ရုပ်ရှင်နဲ့ နာမည်ကျော်ခဲ့တဲ့မင်းသား Daniel Kaluuya က ရရှိခဲ့ပါတယ်။
“Black Panther” ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား Kaluuya က “ကျနော်ဟာ UKအတွင်း ငွေရှာပေးနေတဲ့ အနုပညာထုတ်ကုန် ဖြစ်ပါတယ်” လို့ ပြောခဲ့ပြီး သူဟာ နိုင်ငံတွင်းမှာ ဘဏ္ဍာငွေ ရှာဖွေပေးနေတဲ့သူတွေနဲ့ အနုပညာ ငွေကြေး ရရှိဖို့ ထောက်ပံ့ပေးနေတဲ့သူတွေကို ကျေးဇူးတင်ပါတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
ဝေဖန်သူတွေ အကြိုက်တွေ့ခဲ့တဲ့ “The Shape of Water” ရုပ်ရှင်နဲ့ “Call Me by Your Name” ရုပ်ရှင်တို့ကတော့ ဆုတဆုစီ ရရှိခဲ့ပါတယ်။ တခြား ဆုရှင်တွေထဲမှာဆိုရင် “Blade Runner 2049”, “Phantom Thread” , “Baby Driver”, “Dunkirk”, “Coco” နဲ့ “I Am Not Your Negro” ရုပ်ရှင်တွေထဲက ရုပ်ရှင် အနုပညာရှင်၊ အတတ်ပညာရှင်တွေ ပါဝင်ကြပါတယ်။
ရုပ်ရှင်ဆုပေးပွဲ တခုလုံးမှာ ထူးခြားချက်အနေနဲ့ကတော့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကျင့်သိက္ခာ ပျက်ပြားမှုကို ဆန့်ကျင်တဲ့ “Time’s Up” ကမ်ပိန်းကို လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ပွဲကို တက်ရောက်လာကြတဲ့ အမျိုးသမီး သရုပ်ဆောင် အများစုဟာလည်း အဲဒီကမ်ပိန်းမှာ ပါဝင်ဆန္ဒပြတဲ့ အနေနဲ့ အနက်ရောင်ဝတ်စုံတွေကို ဝတ်ဆင် လာခဲ့ကြပါတယ်။
![](https://burma.irrawaddy.com/wp-content/uploads/2018/02/photo2-1.jpg)
အဲဒီ အနုပညာရှင်တွေထဲမှာ မင်းသမီးတွေ ဖြစ်ကြတဲ့ “Angelina Jolie, Jennifer Lawrence, Lupita Nyong’o” တို့အပြင် ဆန်ခါတင် ဆုစာရင်းမှာ ပါဝင်ခဲ့တဲ့ “Margot Robbie, Saoirse Ronan, Octavia Spencer နဲ့ Salma Hayek” တို့လည်း ပါဝင်ကြတာ တွေ့ရပါတယ်။
“(၇၁) ကြိမ်မြောက် ဗြိတိသျှ အကယ်ဒမီ ရုပ်ရှင်ဆုပေးပွဲ ဆုရရှိသူများ စာရင်း”
အကောင်းဆုံးရုပ်ရှင်ဆု: “Three Billboards Outside Ebbing, Missouri”
- အကောင်းဆုံး ဗြိတိသျှ ရုပ်ရှင်ဆု: “Three Billboards Outside Ebbing, Missouri”
- အကောင်းဆုံး မင်းသားဆု : Gary Oldman – “Darkest Hour”
- အကောင်းဆုံး မင်းသမီးဆု : Frances McDormand – “Three Billboards Outside Ebbing, Missouri”
- အကောင်းဆုံး ဇာတ်ပို့ မင်းသားဆု : Sam Rockwell – “Three Billboards Outside Ebbing, Missouri”
- အကောင်းဆုံး ဇာတ်ပို့ မင်းသမီးဆု: Allison Janney – “I, Tonya”
- အကောင်းဆုံး ဒါရိုက်တာဆု : Guillermo del Toro – “The Shape of Water”
- အကောင်းဆုံး မှီငြမ်းဇာတ်ညွှန်းဆု : James Ivory – “Call Me by Your Name”
- အကောင်းဆုံး မူရင်းဇာတ်ညွှန်းဆု : Martin McDonagh – “Three Billboards Outside Ebbing, Missouri”
- အကောင်းဆုံး အန်နီမေးရှင်း ရုပ်ရှင်ဆု: “Coco”
- အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆု : “I Am Not Your Negro”
- အကောင်းဆုံး အင်္ဂလိပ်စကားပြော မဟုတ်သည့် ရုပ်ရှင်ဆု : “The Handmaiden”
- အကောင်းဆုံး ရုပ်ရှင် ဓာတ်ပုံဆု: Roger Deakins – “Blade Runner 2049”
- အကောင်းဆုံး အဝတ်အစား ဒီဇိုင်းဆု: Mark Bridges – “Phantom Thread”
- အကောင်းဆုံး တည်းဖြတ်ဆု: Jonathan Amos, Paul Machliss – “Baby Driver”
- အကောင်းဆုံး မိတ်ကပ်နှင့် ဆံပင်ဆု : David Malinowski, Ivana Primorac, Lucy Sibbick, Kazuhiro Tsuii – “Darkest Hour”
- အကောင်းဆုံး မူရင်းဂီတဆု: Alexandre Desplat – “The Shape of Water”
- အကောင်းဆုံး ထုတ်လုပ်ရေးဒီဇိုင်းဆု: Paul Austerberry, Jeff Malvin, Shane Vieau – “The Shape of Water”
- အကောင်းဆုံး အသံဆု: Alex Gibson, Richard King, Gregg Landaker, Gary A. Rizzo, Mark Weingarten – “Dunkirk”
- အကောင်းဆုံး အထူးပြုလုပ်ချက်ဆု : Richard R. Hoover, Paul Lambert, Gerd Nefzer, John Nelson – “Blade Runner 2049”
- အကောင်းဆုံး ဗြိတိသျှ အန်နီမေးရှင်းရုပ်ရှင်ကားတိုဆု : “Poles Apart”
- အကောင်းဆုံး ဗြိတိသျှ ရုပ်ရှင်ကားတိုဆု : “Cowboy Dave”
- တက်သစ်စ ကြယ်ပွင့်ဆု : Daniel Kaluuya
- အထူးချွန်ဆုံး ဗြိတိသျှ ရုပ်ရှင်ဖြန့်ဖြူးမှုဆု: National Film and Television School (NFTS)
- BAFTA Fellowship: Ridley Scott
Ref ; aceshowbiz