အဆိုတော် G Fatt က သူ့ရဲ့ ဒုတိယမြောက် တကိုယ်တော် သီချင်းအခွေကို သူငယ်ငယ်က နေထိုင်ခဲ့တဲ့ အိမ်နံပါတ်ကို အစွဲပြုပြီး “120/B” လို့ နာမည်ပေးထားတယ်လို့ ဆိုပါတယ်။
အဲဒီ နာမည်ပေးဖြစ်တာနဲ့ ပတ်သက်ပြီး အဆိုတော် G Fatt က “120/B နာမည်နဲ့ သီချင်းက အခွေထဲမှာ မပါပါဘူး။ 120/B က ကျနော် ၈တန်းနှစ်လောက်မှာ ရောင်းလိုက်တဲ့ အိမ်ရဲ့ ခြံနံပါတ်ကို ကျနော် ချစ်တဲ့အတွက် သံယောဇဉ်ရှိတဲ့အတွက် ဒီနာမည်နဲ့ ထုတ်တယ်။ ဆိုလိုတာက ဒီအိမ်ထဲမှာ ကြီးပြင်းလာခဲ့တဲ့ ကလေးလေးက ဒီအိမ်ထဲကနေ ထွက်လာပြီးတော့ ပရိသတ်တွေဆီကို သီချင်းဆိုပြနေတယ်ဆိုတဲ့ ခံစားမှုမျိုးပေါ့” လို့ G Fatt က ပြောပါတယ်။
120/B သီချင်းခွေမှာတော့ သီချင်းပုဒ်ရေ ၁၄ ပုဒ် ပါဝင်ပြီး မတ်လ ၂ရက်နေ့ (တောင်သူလယ်သမားနေ့) မှာ Frenzo Production မှ ထုတ်လုပ်ပြီး Excellent Creation ကနေ တနိုင်ငံလုံးကို ဖြန့်ချိပေးသွားမယ်လို့ သိရပါတယ်။
ယခု ထွက်ရှိတဲ့ သီချင်းခွေမှာ အခွေနာမည်ဖြစ်တဲ့ “120/B” က သီချင်းတပုဒ်အနေနဲ့ မပါဝင်ပေမယ့် နောက်ပိုင်းမှာ Music Video အနေနဲ့ Documentary ပုံစံမျိုး ရိုက်ကူးသွားဖို့ရှိတယ်လို့ G Fatt က ပြောပါတယ်။
“120/B က သီချင်းတော့ ရှိတယ်။ မထည့်တာ ဘာဖြစ်လို့လဲဆိုတော့ ကျနော် Music Video ရိုက်ပြီး Documentary ဆန်ဆန်ဖြန့်ချင်လို့ ဒီအခွေထဲမှာ Audio မထည့်လိုက်တော့တာ။ ငယ်ငယ်တုန်းက ဘဝအကြောင်းတွေ ရိုက်မယ်။ ဒီအိမ်မှာ နေခဲ့တဲ့ အကြောင်းတွေ ရိုက်မယ်။ သီချင်းစာသားတွေကလည်း ကိုယ်သီချင်းရေးနေကျ ကွပ်ပျစ်နေရာလေးတွေ၊ ဒီအိမ်ကို စွန့်ခွာတဲ့ နေ့အကြောင်းတွေ ရိုက်မယ်။ ဒါရိုက်တာနဲ့ တိုင်ပင်ထားတယ်။ အခွင့်အရေးရရင်တော့ ပြန်နေချင်ပါတယ်”လို့ G Fatt က ပြောပါတယ်။
လူငယ် Hip Hop အဆိုတော်တဦးဖြစ်တဲ့ အဆိုတော် G Fatt ဟာ “ဂျင်” ဆိုတဲ့ တကိုယ်တော်အခွေ ထွက်ရှိထားပြီး လူငယ်ပရိသတ်များကြား နာမည် ကျော်ကြားလျက်ရှိသလို သူ့ရဲ့ အချစ်ရေးကိုလည်း လူအများက စိတ်ဝင်စား နေကြပါတယ်။