၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကြီးမှာ “ရွှေကြို မောင်မယ်များ” နေရာကို အနုပညာရှင်များရဲ့ မျိုးဆက်သစ် သားသမီးများမှ “အကယ်ဒမီ အကူမောင်မယ်များ”အဖြစ် ဆုချီးမြှင့်ပေးဖို့ ရွေးချယ်လိုက်ပြီလို့ သိရပါတယ်။
“အကယ်ဒမီ အကူမောင်မယ်များ”အဖြစ် သရုပ်ဆောင် အားသစ်၊ ဝင်းခန့်မိုး (အကယ်ဒမီချိုပြုံး မြေး)၊ မင်းသုခိုင်(အကယ်ဒမီ မေသဉ္ဇာဦး သား) ၊ သရုပ်ဆောင် ပိစိကွေး၊ လေပြည်သွေး (အကယ်ဒမီ မင်းမော်ကွန်းသမီး) ၊ စံထိပ်ထားဦး(အကယ်ဒမီ ခိုင်သင်းကြည် သမီး) ၊ ပန်းနုမေပျို (သရုပ်ဆောင် အရိုင်း သမီး)၊ စန္ဒြာရွှေရည် (သရုပ်ဆောင် တင်ဇာဝင်းပြည့် သမီး) တို့ကို ရွေးချယ်ထားတယ်လို့ သိရပါတယ်။
ယခင်က အကယ်ဒမီ ဗန်းကိုင်များအဖြစ် တက်သစ်စ အနုပညာမောင်မယ်များနဲ့ ပြုလုပ်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ အကယ်ရွှေကြိုများအနေဖြင့် ပါဝင်စေခဲ့ကာ ယခုနှစ်မှာတော့ အနုပညာရှင်များရဲ့ သားသမီးများကို “အကယ်ဒမီ အကူမောင်မယ်များ”အဖြစ် ပါဝင်စေတာလို့ သိရပါတယ်။
၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကို မတ်လ၂၃ရက်နေ့၊ ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MEP ( Myanmar Event Park) မှာ ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်အတွက် အကယ်ဒမီ စာရင်းဝင် စုစုပေါင်း မြန်မာရုပ်ရှင်ကား ၅၃ ကား ရှိပြီး လက်ရှိမှာတော့ အကယ်ဒမီ တစ်ကြိုပေးခံရတဲ့ အနုပညာရှင်များကို ပရိသတ်များက ရင်ခုန်စွာနဲ့ ခန့်မှန်း စောင့်မျှော် နေကြပါတယ်။
ဆက်စပ် သတင်းလင့်ခ် – “အကယ်ဒမီကို မမှန်းရဲသေးပါဘူး”လို့ ဆိုတဲ့ ရုပ်ရှင်မင်းသမီး ရွှေမှုံရတီ
“အကယ်ဒမီပေးပွဲကို အေးအေးဆေးဆေးပဲ တက်ရောက်ဖြစ်မယ်” ဆိုတဲ့ အကယ်ဒမီ ထွန်းထွန်း