The Rock ဆိုတဲ့ အမည်နဲ့ ဟောလီးဝုဒ်မှာ ရုပ်ရှင်ဇာတ်ကားတွေ မရိုက်ခင် နပန်းသမား ဘဝကတည်းက ကစားကွက် ထူးခြားတယ်၊ ဖျော်ဖြေမှု ကောင်းကောင်း ပေးနိုင်တယ်၊ ပရိတ်သတ်ကို စကားပြော ကောင်းကောင်းနဲ့ ဖမ်းစားနိုင်ခဲ့သူပါ။ နောက်တော့ မင်းသား တယောက် အနေနဲ့ ရုပ်ရှင်တွေ ဆက်တိုက်ရိုက်ကူးလာတယ်။ အခုတော့ The Rock ဟာ နာမည်ကျော် မင်းသားတွေကို ကျော်တက်ပြီး ရုပ်ရှင်လောကမှာ ဇာတ်ကား တကားချင်း အလိုက် သရုပ်ဆောင်ခ အများဆုံး ရရှိတဲ့ မင်းသား အဖြစ် စံချိန်သစ် တခု တင်လာနိုင်တာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ Jumanji လို စွန့်စားခန်းဟာသ ဇာတ်ကား ရုံတင်ထားတယ်၊ ဆက်ပြီးတော့ မကြာခင်မှာ Red Notice လိုဇာတ်ကား ထပ်ထွက်လာမယ်။ ဒီဇာတ်ကားမှာ The Rock အနေနဲ့ တကားတည်းတင် သရုပ်ဆောင်ခ အမေရိကန် ဒေါ်လာ ၂၂ သန်းနဲ့ အထက်ထိ ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာ ဟောလီးဝုဒ် သမိုင်းတလျှောက် ဝင်ငွေ အများဆုံး ရရှိတဲ့ စံချိန်သစ်ပါ။ ပြီးတော့ သူ့လို ဇာတ်ကား တကားချင်း အလိုက် သရုပ်ဆောင်ခ များများစားစား ရဖူးတာ ဆိုလို့ လွန်ခဲ့တဲ့ နှစ် ၂၀ကျော်၊ ၁၉၉၀ ပြည့်နှစ်တွေက နာမည်ကျော် မင်းသားတွေ ဖြစ်တဲ့ Will Smith, George Clooney နဲ့ မင်းသမီး Julia Roberts တိ့ုလောက်ပဲ စံချိန်တင်ထားနိုင်တာ ဖြစ်ပါတယ်။
The Rock ပါဝင် သရုပ်ဆောင်ထားတဲ့ ရုံတင် ဇာတ်ကားတွေကနေ ဝင်ငွေ စံချိန်တင် အမြတ်အစွန်း ရရှိမှုတွေကြောင့် အခုလို သူ့ရဲ့ သရုပ်ဆောင်ခ တိုးတက် မြင့်မားလာတာ ဖြစ်ပြီး အခုနှစ်တွေ အတွင်းမှာ The Rock ဟာ နာမည်ကျော် ရုပ်ရှင် အများအပြားမှာ ပါဝင် သရုပ်ဆောင်မှုရော၊ ရုပ်ရှင်ကို ဝင်ငွေ ကောင်းကောင်း ရအောင် ရှာဖွေ ပေးနိုင်မှုမှာပါ အမြင့်ဆုံး လို့ ဆိုနိုင်တဲ့ မင်းသား တယောက် ဖြစ်လာတာပါ။
Fast and Furious လို ဇာတ်ကားမှာလည်း ပါဝင်ခွင့် ရလာတယ်၊ လူသိများလာတယ်၊ ယခင် ရှိပြီးသား နာမည်၊ ပရိတ်သတ်တွေ ထက် ပိုပြီး လူကြိုက်များလာတယ်။ ဒီလိုနဲ့ အခုတော့ The Rock ဟာ ရုပ်ရှင် တကားကို သရုပ်ဆောင်ခ ဒေါ်လာ သန်း ၂၀ လောက် ကြေးသတ်မှတ်လာနိုင်သူ ဖြစ်လာတာပါ။
The Wall Street ဂျာနယ်ရဲ့ နောက်ဆုံး သတင်းတွေ အရ Universal ကနေ အသစ် ဖြန့်ချိမယ့် ဇာတ်ကားသစ် Red Notice အတွက် ထုတ်လုပ်သူနဲ့ The Rock အကြား သရုပ်ဆောင်ကြေး ဒေါ်လာ သန်း ၂၀ နဲ့ သဘောတူညီမှု ရခဲ့တယ် ဆိုတာ သိထားရသလို ရုပ်ရှင်ရဲ့ ဝင်ငွေ စံချိန်တင်မှု အပေါ်မှာလည်း ရာခိုင်နှုန်းနဲ့ The Rock ကို အမြတ်အစွန်း ပေးရဖို့ ရှိနေပြီး ဒါဟာ Red Notice တစ်ကားတည်းနဲ့တင် The Rock ရဲ့ ဝင်ငွေ သန်း ၂၀ နဲ့ အထက်ထိ ရရှိသွားဖို့ ဖြစ်လာတာပါ။
ဂျာနယ်ရဲ့ ဖော်ပြချက် အရ Red Notice မှာ သရုပ်ဆောင်ခ အတွက် The Rock ဟာ ဒေါ်လာ ၂၁ သန်း၊ ရုပ်ရှင်ကို လူကြိုက် ပိုများလာစေဖို့ လူမှု ကွန်ရက်တွေကနေ မိတ်ဆက်ပေးဖို့၊ ရုပ်ရှင် မိတ်ဆက်ပွဲတွေ တက်ဖို့ အတွက် ဒေါ်လာ ၁ သန်း၊ စုစုုပေါင်း ဒေါ်လာ ၂၂ သန်းနဲ့ သဘောတူထားတယ် လို့လည်း ဆိုပါတယ်။
Red Notice မှာ ထုတ်လုပ်သူ အနေနဲ့ The Rock လည်း ထည့်ဝင် ပါရှိမှု လုပ်ဆောင်မယ် လိုု့ သိရပြီး ဒါရိုက်တာ Rawson Marshall Thurber နဲ့ အတူ အမြတ်ငွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်ထိ The Rock က ဝင်ငွေ ထပ်ရဖို့ ရှိနေသေးတာပါ။ ဆိုလိုတာက Universal က ရုပ်ရှင်ရဲ့ အမြတ် ၅၀ ရာခိုင်နှုန်း၊ ကျန် ၅၀ ရာခိုုင်နှုန်းကို The Rock, Thurber နဲ့ အခြား ထုတ်လုပ်သူတွေက ရမှာပါ။ သိရသလောက်တော့ အမြတ် ၅၀ ရာခိုင်နှုန်းမှာ The Rock က ၃၀၊ Thurber က ၁၀ နဲ့ အခြား ထုတ်လုပ်သူတွေက ၁၀ ရာခိုင်နှုန်း ရမယ် လို့ ဆိုပါတယ်။
ရုပ်ရှင်လောကရဲ့ တွက်ချက်မှုတွေ အရတော့ Red Notice အနေနဲ့ ဝင်ငွေ ၂၅ သန်း ရရှိတိုင်း The Rock နဲ့ ဒါရိုက်တာ၊ ထုတ်လုပ်သူတွေက ဝင်ငွေ ဒေါ်လာ ၁ သန်းစီလောက် ရသွားပါလိမ့်မယ်။ Jumanji မှာ ဆိုရင် ကမ္ဘာနဲ့ အဝှမ်း ဝင်ငွေ ၉၃၁ သန်းလောက် ရခဲ့ပြီး The Rock က သရုပ်ဆောင်ခ မပါပဲ အပိုဆုကြေး အနေနဲ့တင် ၁၀ သန်းကျော် ထပ်ရခဲ့သေးတာ တွေ့ရပါတယ်။
Universal အနေနဲ့ အခုလာမယ့် Red Notice ကို ဒေါ်လာ သန်း ၁၆၀ လောက်ထိအောင် အကုန်အကျခံ ရိုက်ကူးမှာ ဖြစ်တယ် လို့လည်း ဆိုပါတယ်။ ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း တကားတည်းမှာတင် သရုပ်ဆောင်ခ သန်း ၂၀ မရတော့တဲ့ မင်းသား၊ မင်းသမီးတွေ လောကမှာတော့ The Rock ရဲ့ ဝင်ငွေက မှတ်တိုင်သစ် ဖြစ်လာပါတယ်။
ဒီလို မင်းသား၊ မင်းသမီးတွေ သရုပ်ဆောင်ခ များများ မရတော့တဲ့ အကြောင်းကတော့ ပရိတ်သတ်တွေက Avatar လို ဖန်တီးမှု ဇာတ်ကားတွေကို ပိုကြိုက်လာပြီး လူ သရုပ်ဆောင်တွေကို အားပေးမှု နည်းလာတာကြောင့် ဖြစ်ပေမယ့် The Rock ကတော့ ၁၉၈၀ ပြည့်နှစ်တွေက Arnold Schwarzenegger နဲ့ Sylvester Stallone တို့လို ပရိတ်သတ် လက်ခံတဲ့ မင်းသား ဖြစ်နေလို့ အခုလို သရုပ်ဆောင်ကြေး အမြင့်ဆုံး ရရှိလာတာလည်း ဖြစ်ပါတယ်။
ခန့်မှန်းရသလောက်တော့ Red Notice က ၂၀၂၀ လောက်မှာမှ ရုံတင်ဖို့ ရှိနေပေမယ့် အဆိုပါ ဇာတ်ကား မတိုင်ခင် အခုနှစ် ထဲမှာကိုပဲ The Rock ရဲ့ ရုပ်ရှင်အများစု ရုံတင်လာဖို့ ရှိနေပါသေးတယ်။ Skyscraper နဲ့ Rampage တို့ အခု နွေမှာ ရုံတင်လာမှာပါ။ ။
Ref: www.businessinsider.com