ကမ္ဘာကျော် ဟောလိဝုဒ် မင်းသား Matt Damon ဟာ သြစတေးလျနိုင်ငံကို မိသားစုလိုက် ပြောင်းတော့မယ်လို့ ဆိုပါတယ်။ သမီး ၃ ဦးကို ပိုင်ဆိုင်ထားတဲ့ အသက် ၄၇ နှစ်အရွယ်၊ မင်းသား Matt Damon ဟာ နယူးဆောက်ဝေးလ်စ် ပြည်နယ်က Byron Bay မှာ မင်းသား Chris Hemsworth ရဲ့ အိမ်ဘေးမှာရှိတဲ့ အိမ်တလုံးကို ဝယ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
မင်းသား Matt အခုလို ပြောင်းရွေးဖို့ စဉ်းစားရတာက လက်ရှိ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ အငြင်းပွားဖွယ် ပြဿနာ တက်ထားတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ နယူးယောက်ပို့စ် သတင်းစာရဲ့ Page Six ကဏ္ဍမှ သတင်း အရင်းအမြစ်တခုက “Matt ဟာ ဟောလိဝုဒ်က သူ့ရဲ့ သူငယ်ချင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို သူ သြစတေးလျ နိုင်ငံကို ပြောင်းရွှေ့တော့မယ့်အကြောင်း ပြောဆိုခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
အဲဒီလိုမျိုး အပြောင်းအရွှေ့ကြောင့် သူ့ရဲ့ သရုပ်ဆောင်လုပ်ငန်း အပေါ် တစုံတရာ လွှမ်းမိုးလိမ့်မယ်လို့ မထင်ဘဲ အလုပ်လုပ်ဖို့ လိုအပ်တယ်ဆိုရင် ဘယ်နေရာပဲ ဖြစ်ဖြစ် ခရီးသွားရတာ ပျော်ပါတယ်လို့ ဆိုပါတယ်။
အတွင်းသတင်း တခုကတော့ “အဲဒီပြောင်းရွှေ့မှုကြောင့် အလုပ်အပေါ် ထိခိုက်မှာ မဟုတ်ဘူးလို့ Matt က ပြောဆိုနေပြီး သူရုပ်ရှင် ရိုက်ကူးတဲ့ နေရာတိုင်းကို ခရီးသွားရမှာပါ၊ သူကတော့ ကလေးတွေကို ပြုစုပျိုးထောင်ဖို့ လုံခြုံစိတ်ချရတဲ့ နေရာ တခုကို ရရှိဖို့ လိုအပ်နေတယ်လို့ သူငယ်ချင်းတွေကို ပြောနေပါတယ်” လို့ ဆိုပါတယ်။
မင်းသားဟာ ၂၀၁၆ ခုနှစ်၊ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ သမ္မတ ထရန့်ကို ဝေဖန် ပြောဆိုခဲ့ဖူးတာကြောင့် အခုလိုမျိုး အိမ်ပြောင်းဖို့ စဉ်းစားရတာဖြစ်တယ်လို့ ဆိုပါတယ်။ သူက “ဒီကောင် (သမ္မတ ထရန့်) ကို ကျနော်တို့ ဘယ်နည်းနဲ့မှ သမ္မတ ဖြစ်ခွင့် မပြုနိုင်ဘူး” လို့ အဲဒီအချိန်တုန်းက ပြောကြားခဲ့တာပါ။
မကြာသေးခင် လတွေတုန်းကတော့ Matt ဟာ #MeToo လှုပ်ရှားမှုနဲ့ ပတ်သက်လို့ ဝေဖန်တဲ့ မှတ်ချက် စကားကြောင့် အများ ပြောစရာ ဖြစ်ခဲ့ရပါတယ်။ အော်စကာဆုရ မင်းသား Matt ဟာ အပြုအမှုအပေါ် မူတည်ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စွပ်စွဲချက်တွေကို မသတ်မှတ် မဆုံးဖြတ်သင့်ဘူးလို့ စောဒကတက် ပြောခဲ့တဲ့အချိန်မှာ ဝေဖန်ခံခဲ့ရပါတယ်။ ဒါပေမယ့် သူ့ရဲ့ ကနဦး မှတ်ချက်တွေအတွက် နောင်တရမိကြောင်း ဝန်ခံပြောဆိုထားပါသေးတယ်။
Ref ; contactmusic