“Black Panther” ရုပ်ရှင်ကတော့ မြောက်အမေရိက ရုပ်ရှင်ရုံဝင်ငွေမှာ ရက်သတ္တပတ် ၅ ပတ်မြောက် အဖြစ် ထိပ်ဆုံးမှာ ရပ်တည်နေဆဲဖြစ်ပြီးတော့ ဒါဟာ ၂၀၀၉ ခုနှစ်က “Avatar” ရုပ်ရှင်နောက်ပိုင်း အခုလိုမျိုး သီတင်းပတ် ၅ ပတ် ဆက်တိုက် ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တဲ့ ပထမဆုံး ရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။
Marvel ကနေ နောက်ဆုံး ထုတ်လုပ်ထားတဲ့ အဆိုပါ စူပါဟီးရိုးရုပ်ရှင်ဟာ ခန့်မှန်းချေ အမေရိကန် ဒေါ်လာ ၂၇ သန်း ဝင်ငွေ ရရှိခဲ့ပါတယ်။ မြောက်အမေရိက ဒေသတွင်းမှာ ဒေါ်လာ သန်း ၆၀၀ ဝင်ငွေ ရရှိဖို့ မျှော်မှန်းထားတဲ့နေရာမှာ အခုတော့ ဒေါ်လာ ၆၀၅ ဒဿမ ၄ သန်း ရရှိထားပြီလည်း ဖြစ်ပါတယ်။ မြောက်အမေရိမှာ ရုံဝင်ငွေ အများဆုံးရရှိထားတဲ့ “The Avengers” (အမေရိကန် ဒေါ်လာ ၆၂၃ သန်း) ကို ကျော်တက်နိုင်ဖို့ ရက်အနည်းငယ်သာ လိုပါတော့တယ်။
တဖက်မှာလည်း “Tomb Raider” ရုပ်ရှင်က ရုံဝင်ငွေစာရင်းမှာ “Black Panther” ရုပ်ရှင်ကို ခြိမ်းခြောက် လာခဲ့ပါတယ်။ မင်းသမီးချော Alicia Vikander ပါဝင်ထားတဲ့ အဲဒီအက်ရှင် ရုပ်ရှင်ဟာ ရုံပေါင်း ၃၈၀၀ ကျော်မှာ ခန့်မှန်းချေ ရုံဝင်ငွေ ၂၃ ဒဿမ ၅ သန်း ရရှိပြီး နံပါတ် ၂ နေရာမှာ ရပ်တည်နေပါတယ်။ ဒါပေမယ့် အဲဒီရုပ်ရှင်ကတော့ နိုင်ငံတကာ ရုံဝင်ငွေ စာရင်းမှာ ဒေါ်လာ ၈၄ ဒဿမ ၅ သန်း ရရှိခဲ့ပြီး ဦးဆောင်နိုင်ခဲ့ပါတယ်။
Warners ကုမ္ပဏီမှ ပြည်တွင်းဖြန့်ချိရေး အကြီးအကဲ Jeff Goldstein က “ကျနော်တို့ ပြည်တွင်းမှာ ဒေါ်လာ ၂၅ သန်း ထက်ပိုပြီး ရနိုင်တယ်လို့ တကယ်မျှော်လင့်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ ကမ္ဘာတဝန်းမှာတော့ နံပါတ် ၁ ရခဲ့တယ် ဆိုတာထက် ဆိုးရွားတဲ့ သတင်းတော့ရှိပါတယ်။ ကျနော်တို့ဟာ နိုင်ငံတကာပြဇာတ်တပုဒ် အနေနဲ့ ဒါကို အမြဲတမ်း စောင့်ကြည့်ခဲ့ပါတယ်” လို့ ပြောပါတယ်။
ခရစ်ယာန်တီးဝိုင်းတခုဖြစ်တဲ့ MercyMe ရဲ့ သီချင်း “I Can Only Imagine” နောက်ကွယ်က အဖြစ်အပျက်တွေကို ပုံဖော်ထားတဲ့ ရုပ်ရှင်ကတော့ ဒေါ်လာ ၁၇ သန်းနဲ့ နံပါတ် ၃ နေရာမှာ ပွဲဦးထွက်နိုင်ခဲ့ပါတယ်။ Roadside ရုပ်ရှင် ထုတ်လုပ်ရေးရဲ့ အကြီးမားဆုံး အဖွင့်အောင်ပွဲ တခုလည်း ဖြစ်လာခဲ့ပါတယ်။ “A Wrinkle in Time” ရုပ်ရှင်ကတော့ ဒေါ်လာ ၁၆ ဒဿမ ၆ သန်းနဲ့ နံပါတ် ၄ နေရာကို ကျဆင်းသွားပါတယ်။
ဒီသီတင်းပတ်ရဲ့ ထိပ်တန်းရုပ်ရှင် ၅ ခုထဲမှာ ပါဝင်လာတဲ့ အခြားရုပ်ရှင် အသစ်တခုကတော့ “Love, Simon” ရုပ်ရှင် ဖြစ်ပါတယ်။ မင်းသား Nick Robinson ဦးဆောင်ပါထားတဲ့ အချစ်ဟာသ ဇာတ်မြူးရုပ်ရှင်ဟာ ရုပ်ရှင်ရုံပေါင်း ၂၄၀၀ ကျော်မှာ ရုံဝင်ငွေ ဒေါ်လာ ၁၁ ဒသမ ၅ သန်းနဲ့ နံပါတ် ၅ နေရာမှာ ရပ်တည်နေပါတယ်။ CinemaScore ရဲ့ A+ အဆင့် ရရှိထားတဲ့ အဲဒီရုပ်ရှင်ဟာ လူသတင်း လူချင်းဆောင် မာကတ်တင်းကနေ အကျိုးအမြတ်ရရှိလာတာလည်း ဖြစ်ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – Box Office ရဲ့ အမြင့်ဆုံးနေရာမှာ ရပ်တည်နေတဲ့ Black Panther (2018)
Ref : aceshowbiz