ကမ္ဘာကျော် အဆိုတော် Ariana Grande မှာ ကိုယ်ဝန်ရနေပြီဟု ကောလာဟလများ ထွက်ပေါ်
ကမ္ဘာကျော် အဆိုတော် Ariana Grande နဲ့ သူ့ရဲ့ချစ်သူ Mac Miller တို့ဟာ မကြာခင် ကလေးချီရတော့မယ်ဆိုတဲ့ ကောလာဟလ ထွက်ပေါ်လာပါတယ်။
“Side to Side” သီချင်းအဆိုတော် Ariana ဟာ အင်တာနက် အသုံးမပြုတဲ့ ကာလအတွင်းမှာ သူ့ချစ်သူ Rap အဆိုတော် Mac ရဲ့ ကလေးကို လွယ်ထားရပြီဆိုတဲ့ ကောလာဟလသတင်းတွေ ပျံ့နှံ့နေပါတယ်။ အသက် ၂၄ နှစ်အရွယ် အဆိုတော် Ariana ကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ Instagram နဲ့ Twitter ကို နောက်ဆုံး အသုံးပြုခဲ့တာ မြင်တွေ့ခဲ့ကြရပါတယ်။
သူ့ရဲ့ စတုတ္ထမြောက် သီချင်း Album မကြာခင်ထွက်ရှိလာတော့မယ်ဆိုတာကို အရိပ်အမြွက် ပေးတဲ့အနေနဲ့ သီချင်း နားထောင်နေတဲ့ပုံ တပုံကို တင်ခဲ့ပေမယ့် သူ့ရဲ့ပုံတော့ ပါဝင်လာခဲ့တာ မရှိပါဘူး။ Ariana ဟာ ကိုယ်ဝန်လွယ်ထားရပြီ ဖြစ်ပြီး ကိုယ်ဝန်ရှိနေတာကို ဖုံးကွယ်ထားဖို့အတွက် ပရိသတ် ရှေ့မှောက်ကနေ ခေတ္တပျောက်ကွယ်နေတဲ့ Kylie Jenner ရဲ့ လမ်းစဉ်အတိုင်း လုပ်ဆောင်နေပြီလို့ ပရိသတ်တော်တော်များများကတော့ ထင်ကြေးပေးနေကြပါတယ်။
ဒါပေမယ့် Ariana နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကတော့ အဲဒီကောလာဟလသတင်းတွေကို ငြင်းဆိုသွားခဲ့ပြီး လူမှုကွန်ရက် မီဒီယာတွေ ပေါ်ကနေ ခေတ္တအနားယူနေတဲ့ အကြောင်းအရင်း ရှိပါတယ်လို့ ပြောပါတယ်။ အဆိုပါ သတင်းရင်းအမြစ်က “လူမှုကွန်ရက် မီဒီယာတွေကနေ Ariana ခေတ္တအနားယူနေတာဟာ Kylie လုပ်ခဲ့သလိုမျိုး သူ့ချစ်သူနဲ့ ရတဲ့ ကိုယ်ဝန်ကို ဖုံးကွယ်ဖို့အတွက်မဟုတ်ပါဘူး” ဟု HollywoodLife.com ကို ရှင်းပြခဲ့ပါတယ်။
ဆက်လက်ပြီး သူက “Arina က လူမှုကွန်ရက်မီဒီယာတွေကနေ ခေတ္တလောက် အနားယူချင်တာပါ။ သူ့ Album သစ်နဲ့ နယ်လှည့် ဖျော်ဖြေပွဲကိုတော့ ကြေညာဖို့ အသင့်ဖြစ်နေပါပြီ။ သူရဲ့ Twitter နဲ့ Instagram မှာ ပုံမှန် Update တွေနဲ့ သူပြန်လာတော့မှာပါ” လို့ ပြောပါတယ်။
အဲဒီသတင်းအရင်းအမြစ်ကတော့ Ariana ဟာ Mac နဲ့ ရတဲ့ကလေးကို လျှို့ဝှက်ပြီး လွယ်ထားရတာ မဟုတ်ဘူး လို့ အလေးပေး ပြောကြားထားပါတယ်။ ပြီးတော့ အဲဒီလို ပုံစံမျိုးလည်း ဖြစ်လာမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် အဆိုတော် Ariana ဟာ UK နိုင်ငံ၊ မန်ချက်စတာမြို့မှာ ပြုလုပ်ခဲ့တဲ့ သူ့ရဲ့ ဖျော်ဖြေပွဲမှာ ဗုံးပေါက်ကွဲပြီးနောက် ပရိသတ်တွေကို ဆုံးရှုံးခဲ့ရတဲ့ စိတ်ဒဏ်ရာတွေကနေ သက်သာနေဆဲ အခြေအနေမှာသာ ရှိသေးတယ်လို့ ဆိုပါတယ်။
အဲဒီဖြစ်ရပ်ဟာ ၂၀၁၇ ခုနှစ်၊ မေလ ၂၂ ရက်နေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လူပေါင်း ၂၃ ဦးသေဆုံးခဲ့ရတဲ့ အပြင် လူပေါင်း ၅၀၀ ကျော်လောက် ဒဏ်ရာရရှိခဲ့ပါတယ်။ သတင်းရင်းမြစ်တခုက “အဲဒီဖြစ်ရပ်ကို မေ့ပျောက်ပစ်ဖို့ သူ့(Ariana) အတွက် ခက်ခဲနေခဲ့ပါတယ်” လို့ ပြောဆိုထားပါတယ်။
အဲဒီ စိတ်ဒဏ်ရာရှိထားပေမယ့် Ariana ဟာ အဲဒီဖြစ်ရပ်အပြီး သိပ်မကြာခင်မှာပဲ ပရဟိတရန်ပုံငွေ ဖျော်ဖြေပွဲ တခုကို ကျင်းပခဲ့ပြီး သတ္တိရှိစွာနဲ့ ခိုင်မာစွာ ပြန်ထွက်လာခဲ့ပါသေးတယ်။ Miley Cyrus, Justin Bieber နဲ့ Coldplay တို့အပါအဝင် အခြားလုပ်ဖော်ကိုင်ဖက် ဂီတအနုပညာရှင်တွေက ဖျော်ဖြေပွဲမှာ ပါဝင်ခဲ့ပါတယ်။
Ariana နဲ့ Mac ဟာ ၂၀၁၆ ခုနှစ်၊ သြဂုတ်လမှာ အချစ်ဇာတ်လမ်း တခန်းပြန်စခဲ့တာဖြစ်ပါတယ်။ Mac နဲ့ မတွဲခင်မှာတော့ Ariana ဟာ သူ့ရဲ့ Backup အကသမား Ricky Alvarez နဲ့ အဆိုတော် Big Sean တို့နဲ့လည်း အချစ်ရေးကိစ္စ မရှင်းမရှင်း ရှိခဲ့ပါသေးတယ်။
ဆက်စပ် သတင်းလင့်ခ် – BRIT ဆုပေးပွဲမှာ ကျန်းမာရေးကြောင့် ဖျော်ဖြေခွင့်မရခဲ့တဲ့ Ariana Grande စိတ်မကောင်းဖြစ်နေ
Ref ; aceshowbiz