လူငယ်ဒါရိုက်တာ အာကာ ရိုက်ကူးထားတဲ့ “ဒုဋ္ဌဝတီကိုလွန်၍” အမည်ရှိ လျို့ဝှက်ဆန်းကြယ်ပြီး သည်းထိပ်ရင်ဖို ကြည့်ရှုရမယ့် ရုပ်ရှင်ဇာတ်ကားအပါအဝင် ရုပ်ရှင်ဇာတ်ကားကြီး ၄ ကား ကို Golden Hour Entertainment မှ မိတ်ဆက်ခဲ့ပါတယ်။
အဆိုပါ ရုပ်ရှင်ဇာတ်ကားတွေကတော့ ပုံမှန် မြန်မာရုပ်ရှင် ဇာတ်ကားများနဲ့ မတူညီတဲ့ ပုံစံတမျိုး ကွဲနေတာကို မြင်တွေ့ကြရမှာ ဖြစ်ပြီး ရုပ်ရှင်ချစ် ပရိသတ်များအနေနဲ့လည်း စိတ်လှုပ်ရှားစွာ စောင့်မျှော်ကြည့်ရှုရမယ့် ဇာတ်ကားများ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၀နှစ်ကစပြီး ဒါရိုက်တာ လုပ်ဖို့အတွက် ကြိုးစားလာတာဖြစ်ပြီး ဒီဇာတ်ကားကို ရိုက်ကူးဖို့ အခက်အခဲများစွာ ရှိခဲ့ပြီး ယခုအခါ ပရိသတ်ဆီကို ပြသနိုင်တော့မှာ ဖြစ်တယ်လို့ ဒါရိုက်တာ အာကာက ပြောပါတယ်။
“အသစ်သစ်တိုင်းက ကမ္ဘာမှာ ပြင်းထန်တဲ့ စိန်ခေါ်မှုတွေ ရှိတယ်။ လွယ်လွယ်လေးနဲ့ အသစ် တယောက် ဖန်တီး လိုက်တာက အရမ်းအောင်မြင်တယ် ဆိုတာ ရှားပါတယ်။ စိန်ခေါ်မှုများတယ် ဆိုတာကလည်း အသစ်ကြောင့် ဖြစ်တာ။ အဟောင်းတွေအတွက် အသစ်တွေကို ပိုကောင်းတဲ့ အရသာကို ပေးနိုင်တယ်။ ဒီလို စိန်ခေါ်မှုတိုင်းကို ရင်ဆိုင်နိုင်ဖို့ ကျနော်က ပြင်ဆင်ပြီးသားပါ”လို့ ဒါရိုက်တာအာကာက ပြောပါတယ်။
Golden Hour Entertainment မှ ထုတ်လုပ်တဲ့ ရုပ်ရှင်ဇာတ်ကားများကတော့ “ဒုဋ္ဌဝတီကိုလွန်၍”၊ “ကြိုးဖုန်း”၊ “ကမ္ဘာနှစ်ထပ်”၊ “အဆိပ်ရှိလူရိုင်း” စတဲ့ ဇာတ်ကားများဖြစ်ပြီး အဆိုပါ ဇာတ်ကား ၄ ကားထဲမှာ ဒါရိုက်တာ အာကာက ၃ ကား ရိုက်ကူးထားပြီး ဒါရိုက်တာ စတီးလ်ကတော့ “အဆိပ်ရှိလူရိုင်း” ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးထားတာပါ။
Golden Hour Entertainment ရဲ့ ပွဲဦးထွက် ဇာတ်ကားဖြစ်တဲ့ “ဒုဋ္ဌဝတီကိုလွန်၍” ရုပ်ရှင်ဇာတ်ကားကြီးကို မေလအတွင်း ရုံတင်ပြသသွားမှာဖြစ်ပြီး အာရှနိုင်ငံအတွင်းမှာရှိတဲ့ ရုပ်ရှင်ရုံများမှာလည်း ပြသသွားဖို့ရှိတယ်လို့ သိရပါတယ်။
“ဒုဋ္ဌဝတီကိုလွန်၍” ရုပ်ရှင် ဇာတ်ကားထဲမှာ သရုပ်ဆောင်များအဖြစ် နိုင်းနိုင်း၊ အမွန်း ၊ဆန်းထွဋ် ၊ဇော်ဇော်အောင် ၊ နော်အောင်တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။
“ဒုဋ္ဌဝတီကိုလွန်၍” ရုပ်ရှင် Official Trailer –
https://www.facebook.com/theirrawaddylifestyle/videos/1386865178125424/