Entertainment

၂၀၁၇ ခုနှစ် အကယ်ဒမီ ပွဲတက်ဖက်ရှင် ဘာတွေ ထူးခြားသွားသလဲ

၂၀၁၇ ခုနှစ်အတွက် အကယ်ဒမီ ပေးပွဲဟာဆိုရင် ခါတိုင်းနှစ်တွေလို “ဘယ်သူ ဘာဝတ်မယ်၊ ဘယ်လက်ဝတ်ရတနာ ဆိုင်က ဘယ်သူ့ကို စပွန်ဆာပေးတယ်၊ ဘာအရောင်တွေဝတ်ကြမယ်၊ ခေတ်စားမယ်”ဆိုပြီး ပွဲမတိုင်ခင် ကာလမှာ ရေပန်းစား ပြောဆိုသံတွေ သိပ်မကြားခဲ့ရပါဘူး။

ပွဲစမှသာ ဘယ်သူက ဘယ်လို ပွဲတက်ဖက်ရှင် ဝတ်ဆင်လာတယ်ဆိုတာ ပရိသတ်များအနေနဲ့ တွေ့မြင်ခဲ့ကြရတာပါ။ အကယ်ဒမီ ဖက်ရှင် ဆိုတာကလည်း အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ ဆုချီးမြှင့်တဲ့အပိုင်းပြီးရင် ဖက်ရှင် ဝတ်စားဆင်ယင်မှု အပိုင်းကလည်း ပရိသတ် စိတ်အဝင်စားဆုံး စာရင်းမှာ ပါဝင်ပါတယ်။

ဒီနှစ်မှာတော့ သရုပ်ဆောင် မင်းသား၊ မင်းသမီးများရဲ့ ပွဲတက်ဖက်ရှင် အချို့အကြောင်းကို ပြန်လည် ဖော်ပြရမယ် ဆိုရင်ဖြင့် ဒီနှစ် အကယ်ဒမီ ပွဲတက်ဖက်ရှင်တွေမှာ အရောင်တွေအနေနဲ့ အဖြူ၊ အဝါ၊ အစိမ်း၊ ပန်းရောင်၊ အနက် စတဲ့ အရောင်တွေ ဝတ်ဆင်ကြပြီး ရွှေရောင်၊ ငွေရောင် စတဲ့ အရောင်များနဲ့လည်း လှပတင့်တယ်စွာ ပွဲတက်လာကြတာကို တွေ့ရပါတယ်။

အမျိုးသမီး သရုပ်ဆောင်များရဲ့ ပွဲတက်ဖက်ရှင် အချို့မှာလည်း နောက်ဘက်ခြမ်းမှာ ပါရှိတဲ့ ဝတ်ရုံ ရှည်များကြောင့် ခါတိုင်းထက် ပိုပြီး ဟိတ်ဟန်အပြည့်နဲ့ ပွဲတက်ဝတ်စုံများလို့ ထင်မြင်စေရပါတယ်။ သရုပ်ဆောင် ရွှေမှုံရတီရဲ့ ဒီနှစ် ပွဲတက် ဖက်ရှင်က ခါတိုင်းနှစ်တွေထက် မြန်မာဆန်ဆန် လုံခြုံစွာ လှပနေပြီး နောက်က ဝတ်ရုံကိုတော့ ရှည်လျား လွန်းတာကြောင့် အကူမိန်းကလေး တချို့ကို ကိုင်စေပြီး ပွဲတက်လာတာဟာ Facebook မှာ အနည်းငယ် ဂယက်ထသွားပါတယ်။

စံရတီမိုးမြင့်ရဲ့ ဝတ်စုံကလည်း ပုဂံ သဲပန်းချီဒီဇိုင်းများနဲ့ ပုံဖော်ထားတာမို့ ဒီဇိုင်နာ မင်းသက်စံရဲ့ လက်ရာဟာ တမူထူးခြား နေတယ်လို့ ပြောနိုင်ပါတယ်။ အကယ်ဒမီ ဝတ်မှုံရွှေရည်ရဲ့ ဒီနှစ် ပွဲတက်ဖက်ရှင်ဟာလည်း နောက်က ပုဝါရှည်ကြောင့် ပိုပြီး လှပကျော့ရှင်းနေတာ တွေ့ရသလို ဆံပင်ပုံစံကိုလည်း သူမက ရိုးရိုးရှင်းရှင်း ထုံးဖွဲ့ထားတာမို့ တည်ငြိမ်တဲ့ အလှနဲ့ ပွဲမှာ ထင်ပေါ်နေခဲ့ပါတယ်။

အကယ်ဒမီ ဆုရှင် အိန္ဒြာကျော်ဇင်ရဲ့ တလက်လက် တောက်ပနေတဲ့ ပွဲတက်ဖက်ရှင်ကတော့ အကယ်ဒမီ စင်မြင့်ပေါ် ရောက်မှ ပိုပြီး လင်းလက်တောက်ပ နေစေခဲ့ပြီး အကယ်ဒမီပွဲ အတွက် ကြိုပြီး ပြင်ဆင်ချုပ်ထားသလိုပင် ခံစားရ စေပါတယ်။ သူ ဝတ်ဆင်ထားတဲ့ လက်ဝတ်ရတနာများရဲ့ တန်ဖိုးက ကျပ်သိန်း တသောင်းကျော်တန်ဖိုး ရှိတယ်လို့လည်း သိရပါတယ်။

သရုပ်ဆောင် အေးမြတ်သူကတော့ ဒီနှစ်မှာ အပြာရင့်ရောင် ဝတ်စုံလေးနဲ့ ပွဲတက်လာခဲ့ပြီး မြန်မာဆန်ဆန်နဲ့ ခေတ်ဒီဇီုင်းကို ပေါင်းပြီး ချုပ်ထားတဲ့အတွက် တွေ့ရတာ အမြင်ဆန်းနေပြီး Facebook မှာတော့ အဲဒီဝတ်စုံကို ဝေဖန်မှုတချို့ ရှိနေခဲ့ပါတယ်။ “အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု”ကို မမျှော်လင့်ဘဲ ရရှိခဲ့တဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုကတော့ ရိုးရိုးရှင်းရှင်းပဲ မြန်မာဝတ်စုံ အနီရောင်ကို ပုံမှန် ဆင်မြန်းထားပါတယ်။

အမြဲတမ်း ဖက်ရှင်အဆန်းတွေ ဝတ်တတ်တဲ့ သရုပ်ဆောင် နန်းဆုရတီစိုးရဲ့ ဝတ်စုံကလည်း ဒီနှစ်မှာ သူများနဲ့ မတူဘဲ ထူးထူးခြားခြား ကွဲပြားနေပါသေးတယ်။ ပုဂံခေတ်လက်ရာ ပုံဆန်လေးကိုပဲ ပြန်လည်ဆန်းသစ်ထားတဲ့ နန်းဆုရတီစိုးရဲ့ ဒီဇိုင်းကတော့ ဒီဇိုင်နာ မျိုးမင်းစိုးလို့ သိရပါတယ်။

“ဥပါယ်တံမျဉ်” ၊ “မုဒြာရဲ့ခေါ်သံ” စတဲ့ ရုပ်ရှင်ကားတွေနဲ့ ပရိသတ် တခဲနက် အားပေးမှုကို အပြည့်အဝ ရရှိထားတဲ့ ခီဇနီးမောင်နှံ မင်းသား ဇဏ်ခီနဲ့ ဒါရိုက်တာ ခရက်စတီးနားခီ တို့ကတော့ ပွဲကို အရိုးရှင်းဆုံး မြန်မာဝတ်စုံနဲ့ပဲ တက်ရောက် လာတာ တွေ့ရပါတယ်။ အရိုးဆုံးက အဆန်းဆုံးလို့ ဆိုရသလိုမျိုး အနက်ရောင်နဲ့ အနီရောင်ပေါင်းစပ်ထားတဲ့ မြန်မာဝတ်စုံကို ဒီဇိုင်နာ ငြိမ်းကိုက ချုပ်လုပ်ထားပြီး ဇဏ်ခီရဲ့ တိုက်ပုံကို သရေသားနဲ့ ချုပ်လုပ်ထားတာကို တွေ့ရပါတယ်။

ဒါ့အပြင် အခြား အနက်ရောင် ဖက်ရှင်နဲ့ ပွဲတက်လာတဲ့ အနုပညာရှင်တွေကတော့ အိချောပို၊ သွန်းဆက်တို့ ဖြစ်ပြီး အမျိုးသား သရုပ်ဆောင်များ အနေနဲ့လည်း ဒီနှစ်မှာ ဟိုးအရင်နှစ်တွေကလို တိုက်ပုံတွေကို စီးကွင့်များ၊ ကျောက်များနဲ့ ဆန်းပြားတဲ့ ဒီဇိုင်းမျိုး ဝတ်ဆင်ကြတာ မတွေ့ရဘဲ ရိုးရိုးရှင်းရှင်း မြန်မာတိုက်ပုံ အရောင်ငြိမ်ငြိမ်များကိုသာ အများဆုံး တွေ့မြင်ခဲ့ရပါတယ်။

ထူးထူးခြားခြား အနေနဲ့ “ည” ရုပ်ရှင် ဇာတ်ကားရဲ့ သရုပ်ဆောင် ချမ်းမင်းရဲထွဋ်ကို ရှေးခေတ် မင်းညီမင်းသားပုံစံ၊ ခေါင်းပေါင်းနဲ့ ဝတ်ဆင်ပြီး ပွဲတက်လာတာကို တွေ့မြင်ရသလို အမျိုးသမီး သရုပ်ဆောင်တွေထဲမှာ နာဂတိုင်းရင်းသူ သရုပ်ဆောင် မာရီကိုးလ်ကို နှစ်စဉ်မပျက် ဝတ်နေကျ နာဂရိုးရာ ဝတ်စုံဒီဇိုင်း ဝတ်ဆင်လာတာကို တွေ့ရပါတယ်။


ဒီနှစ် အကယ်ဒမီ ပေးပွဲမှာ ထူးထူးခြားခြား အရောင်ကာလာတွေဟာ အငြိမ်ဘက်ကို ဝတ်ဆင်လာကြတာကို တွေ့မြင်ရပြီး ခါတိုင်းနှစ်တွေထက် ဖက်ရှင်တွေ အပြိုင်အဆိုင် သိပ်မဖြစ်သလို ခံစားရတယ်လို့ ပရိသတ်တချို့ရဲ့ ဝေဖန်သံတွေလည်း ရှိနေပြန်ပါတယ်။

ဆက်စပ် သတင်းလင့်ခ် – “၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီပေးပွဲ” ပရိသတ် ရင်ခုန်သံနဲ့ ထပ်တူကျခဲ့သလား

Loading