ပရိသတ်က ချစ်စနိုးနဲ့ “ဘစိုင်း” လို့ခေါ်ကြတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က မကြာခင်မှာ ထွက်ရှိမယ့် သူ့ရဲ့တကိုယ်တော် အခွေနဲ့အတူ ပရိသတ်အတွက် အစီအစဉ်များစွာ စီစဉ်ထားတယ်လို့ ပြောပါတယ်။
ပထမဆုံး အစီအစဉ်အနေနဲ့ မန္တလေးမှာ “Frenzo Mandalay Show” ကို သူ့ရဲ့ Frenzo Production မှ အဆိုတော်များ ဖြစ်ကြတဲ့ Snare ၊ G-Fatt ၊ Bunny Phyo စတဲ့ အဆိုတော်များ အပါအဝင် စိုင်းစိုင်းနှင့်သူငယ်ချင်းများအဖွဲ့မှ ဖျော်ဖြေပွဲ ပြုလုပ်သွားမှာဖြစ်ပြီး ဧပြီလ ၁ရက်နေ့မှာတော့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ၇ ခွေမြောက် တကိုယ်တော်အခွေဖြစ်တဲ့ “စိုင်းစိုင်းက စိုင်းစိုင်း” လို့ အမည်ပေးထားတဲ့ အခွေ ထွက်ရှိမှာ ဖြစ်ပါတယ်။
“၃၀ ရက်နေ့ ပွဲပြီးရင် ဧပြီလ ၁ ရက်နေ့မှာ ကျနော်ရဲ့ “စိုင်းစိုင်းက စိုင်းစိုင်း” ဆိုတဲ့ အခွေအသစ် ထွက်မှာ ဖြစ်ပါတယ်။ ကျနော့်ရဲ့ ပြီးခဲ့တဲ့ “ဒိတ်ဒိတ်ကြဲ” အခွေကနေ အခုအခွေ ထွက်ဖို့အတွက် ကြားထဲမှာ ၅ နှစ်တိတိ ကွာသွားပါတယ်။ အဲဒီ ၅ နှစ်မှာ ကျနော်ကိုယ် ကျနော် ဘာလုပ်နေမှန်းတောင် မသိဘူး။ အခုချိန်မှာတော့ ပရိသတ်အတွက် “စိုင်းစိုင်းက စိုင်းစိုင်း” ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ၅ နှစ် လုံးလုံးတော့ သီချင်းတွေကို စိတ်ကူးယဉ်နေတယ်။ အကြောင်းအရာတွေကို ရှာဖွေနေတယ်။ စကားလုံးတွေကို စုဆောင်းနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျန်ခဲ့တဲ့ ၃ လအတွင်းမှာပဲ အားလုံး လုပ်ဖြစ်ခဲ့တာ ဖြစ်ပါတယ်” လို့ စိုင်းစိုင်းခမ်းလှိုင် ကပြောပါတယ်။
၅ နှစ် အကြာမှာ ထွက်ရှိမယ့် ၇ ခွေမြောက် “စိုင်းစိုင်းက စိုင်းစိုင်း” ဆိုတဲ့အခွေမှာတော့ ဘန်နီဖြိုး၊ Snare၊ G-fatt ၊ အမရာဘုဏ်းတို့က ပါဝင် သီဆိုထားတယ်လို့ သိရပါတယ်။ အခွေ ထွက်ရှိမယ့်နေ့မှာတော့ စိုင်းစိုင်းကိုယ်တိုင် Junction Square မှာ ပရိသတ်များကို အမှတ်တရ လက်မှတ်ထိုး ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဧပြီလ ၁၀ ရက်နေ့ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ၃၈ နှစ်ပြည့် မွေးနေ့မှာလည်း သူ့ရဲ့ ၁၄ ကြိမ်မြောက် Birthday Show ကို ရန်ကုန်မြို့၊ သုဝဏ္ဏဘူမိ Even Park မှာ ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ၃၈ နှစ်ပြည့် Birthday Show ကိုတော့ ၂၀၀၄ ခုနှစ်မှ စတင်နှစ်စဉ် ပြုလုပ်ဖြစ်ခဲ့ပြီး ဒီနှစ်ပြုလုပ်မယ့် ပွဲကတော့ စိုင်းစိုင်းရဲ့ ၁၄ ကြိမ်မြောက် ပြုလုပ်မယ့် အမှတ်တရပွဲ ဖြစ်ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – “စိုင်းစိုင်းက စိုင်းစိုင်း” အတွက် ရင်ခုန်နေတဲ့ စိုင်းစိုင်းခမ်းလှိုင်