Entertainment

ချစ်သူတွေဖြစ်နေပြီလို့ ဝန်ခံလိုက်တဲ့ အိုယောင်ဆိုနဲ့ “F4 ချစ်သူ” မင်းသား ကင်မ်ဘမ်း

“F4 ချစ်သူ” ဇာတ်လမ်းတွဲနဲ့ မြန်မာပရိသတ်တွေ သိခဲ့ကြတဲ့ ကိုရီးယား မင်းသားချော ကင်မ်ဘမ်း (Kim Bum) နဲ့ မကြာသေးခင်ကပဲ ကြည့်ရှုသူများခဲ့တဲ့ ဟွာယူဂီ ဇာတ်လမ်းတွဲထဲက အဓိကဇာတ်ဆောင် မင်းသမီး အိုယောင်ဆို (ဆမ်းဂျန်း) တို့ နှစ်ဦး တွဲနေတဲ့ သတင်းကို နှစ်ဖက် အေဂျင်စီတွေက အတည်ပြုလိုက်ပါပြီ။

သူတို့နှစ်ဦး ချိန်းတွေ့တဲ့သတင်းတွေကို မီဒီယာတချို့မှာ ဖော်ပြခဲ့ပြီးနောက် သက်ဆိုင်ရာ အေဂျင်စီတွေက အတည်ပြု လိုက်တာပါ။ မင်းသမီး အိုယောင်ဆို တယောက် ဟွာယူဂီ ဇာတ်လမ်းတွဲ ရိုက်ပြီးချိန်မှာ ရင်းနှီးတဲ့ သူငယ်ချင်းတွေက တဆင့် မိတ်ဆက်ပေးရာကနေ မင်းသားကင်ဘမ်းနဲ့ စတင် ဆုံတွေ့ခဲ့ကြတာပါတဲ့။ မိတ်ဆွေ အဆင့်ကနေ တယောက်နဲ့ တယောက် အကြိုက်တူတာတွေ များရာကနေ ဆက်ဆံရေး တိုးတက်ခဲ့တာလို့ ဆိုပါတယ်။

အိုယောင်ဆို အေဂျင်စီက ထုတ်ပြန်ချက်အရ ဟွာယူဂီ ဇာတ်လမ်းတွဲပြီးခါစ မတ်လအစမှာ သူငယ်ချင်းတွေက တဆင့် တွေ့ခဲ့ကြပြီး ချစ်ကြိုက်သွားတာလို့ ဆိုပါတယ်။ တယောက်နဲ့ တယောက်ကြားမှာ ခံစားချက်တွေ တိုးလာလို့ ဒီအဆင့်ကို ရောက်သွားခဲ့တာပါတဲ့။ ကင်မ်ဘမ်း အေဂျင်စီကလည်း မိတ်ဆွေတွေက တဆင့် သိခဲ့ကြပြီး အခုချိန်မှာတော့ သူတို့ နှစ်ယောက် ဆက်ဆံရေးက ချစ်သူတွေအဖြစ် အစပျိုးနေပါပြီလို့ အတည်ပြုသွားပါတယ်။

အိုယောင်ဆို ပရိသတ်တွေကတော့ ဟွာယူဂီ ဇာတ်လမ်းတွဲမှာ အတွဲညီခဲ့တဲ့ မင်းသား လီဆောင်ဂီနဲ့ အစပိုင်းမှာ ထင်ကြေး ပေးခဲ့ကြပေမယ့် အခုလို မင်းသားချော ကင်မ်ဘမ်းနဲ့ သတင်းထွက်လာတဲ့ အခါမှာလည်း သဘောတူ ပါတယ်လို့ ဆိုပါတယ်။ မင်းသမီး အိုယောင်ဆိုက မင်းသား ကင်မ်ဘမ်းထက် အသက် ၂ နှစ်ကြီးတာမို့ “မနဲ့ မောင်” အချစ်ဇာတ်လမ်းကို ပရိသတ်တွေ ရင်ခုန်နေကြပါတယ်။

Ref: Soompi

Loading