၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီပေးပွဲ အခမ်းအနားမှာ စန္ဒရား တင်ဝင်းလှိုင် ပြောကြားခဲ့တဲ့ စကားများနဲ့ ပတ်သက်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိသူများက ပြန်လည်တောင်းပန်ရန် ပြောခဲ့တဲ့ အပေါ် စန္ဒရား တင်ဝင်းလှိုင်က အမှန်တကယ် ခံစားရသည်များကို ပြောခဲ့တာ ဖြစ်တဲ့အတွက် တောင်းပန်ပါက မှားသွားလိမ့်မယ် လို့ ဧရာဝတီကို ပြောပါတယ်။
“တောင်းပန်တယ်ဆိုရင် ကျနော် မှားသွားမှာပေါ့။ ကျနော် ပြောခဲ့တာတွေ အားလုံးက အမှန်တွေ တကယ် ခံစားရတာ ဖြစ်တဲ့အတွက် သူတို့ ရူထောင့်အရ၊ လုပ်ထုံးလုပ်နည်းအရ ကျနော်တို့ အပြင်က ပုဂ္ဂိုလ်တွေရဲ့ ဆန္ဒနဲ့ တထပ်တည်း ဘယ်ကျမလဲ။ ကျနော် ခံစားရတာ ကျနော်ပြောတာ။ ကျနော်ပြောတာ အမှန်လို့ ပြောတာ မဟုတ်ဘူး”
“ကျနော် ခံစားရတာတော့ အမှန်ပဲ။ အချက်အလက်အနေနဲ့ တင်ပြတာ ဖြစ်တယ်။ ကျနော့်ဥစ္စာဟာ တရား နည်းလမ်းတကျ မှန်ကန်တယ်လို့ ကျနော် မပြောပါဘူး။ ကျနော်ပြောတာကို အမှန်ဆိုပြီး ဖင်ပိတ်ငြင်းနေတာ မဟုတ်ဘူး”လို့ စန္ဒရားတင်ဝင်းလှိုင်က ပြောပါတယ်။
အဆိုပါ အကယ်ဒမီ စင်မြင့်ထက်မှာ ပြောခဲ့တဲ့ စကားများဟာ အမှန်တကယ် ခံစားရသည်များကို ပြောခဲ့ခြင်းဖြစ်ပြီး အချက်အလက်အဖြစ်သာ လက်ခံပေးပါလို့လည်း ပြောပါတယ်။
“ကျနော်ပြောတဲ့ အပေါ်မှာ ကျနော်ကသာ မှန်တယ် ပြောနေပေမယ့် သူတို့ကတော့ သတင်းစာထဲမှာ မမှန်မကန် စွပ်စွဲ ပုတ်ခတ် တိုက်ခိုက်တယ်လို့ ဒီလိုပဲ တောက်လျှောက် သုံးနေတယ်ပေါ့လေ။ အဲဒီ အသုံးလေးကို ပြင်ပေးဖို့အတွက် ကျနော်ကပြန်ပြီး တောင်းပန်ပါရစေ”
“ကျနော် ချွတ်ချော်တဲ့ဟာကို အချက်အလက်အနေနဲ့ပဲ လက်ခံပေးပါ။ အမျက် အမျက်သင့် မနေပါနဲ့။ သူတို့က အမျက် သဘောနဲ့ တမင်တကာကို ရည်ရွယ်ချက်အပြည့်နဲ့ လုပ်မိတယ်။ ဆက်လုပ်တယ် ထားဦး။ ရပ်လိုက်ပါတော့။ ကျနော့် ဘက်က အမျက်ဖြစ်စရာ တုံ့ပြန်လို့ ရပေမယ့် တုံ့ပြန်တယ်ဆိုတဲ့ စကားကို လက်မခံပါဘူး”လို့ စန္ဒရား တင်ဝင်းလှိုင်က ဆိုပါတယ်။
မတ်လ ၂၃ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကြီးမှာ “ကွမ်းလုံရက် ၄၀” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ရုပ်ရှင်နောက်ခံ တေးဂီတဆု ရရှိခဲ့တဲ့ စန္ဒရားတင်ဝင်းလှိုင်ရဲ့ အဆိုပါနေ့က ပြောခဲ့တဲ့ စကားများအပေါ် မတ်လ၂၈ ရက်နေ့မှာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဘက်ကနေ စန္ဒရာတင်ဝင်းလှိုင်ကို သတ္တိရှိရှိ ပြန်လည် တောင်းပန်ရန် သတင်းစာ ရှင်းလင်းပွဲ တရပ် ပြုလုပ်ကာ တောင်းဆိုခဲ့ပါတယ်။
အဆိုပါ အကယ်ဒမီဆုကို ရရှိစဉ် ကျေးဇူးတင်စကား ပြောကြားရမှာ အခုလို သူ့ရဲ့မကျေနပ်ချက်တွေကို ထည့်ပြော ဖြစ်တဲ့အပေါ် မေးကြည့်တဲ့အခါ “ဘာလို့ အဲ့ဒီလို ပြောလဲဆိုရင် ကျနော်က ကြွယ်ဝတဲ့ မိသားစုက ပေါက်ဖွားတယ်။ ဂီတကို ချစ်မြတ်နိုးပြီးတော့ ပညာကို လေးစားပြီးတော့ တောက်လျှောက် လိုက်စားခဲ့တဲ့အတွက် တော်တော် နိမ့်ပါး ရတယ်။ အခုချိန်မှာ စီးပွားရေးကလည်း တော်တော် နိမ့်ပါးနေတယ်”
“အကြပ်အတည်းတွေလည်း တော်တော် တွေ့နေ ပါတယ်။ ဇနီးသည်ကလည်း လေဖြတ်နေတာ ၃ ကြိမ် ၁၆ နှစ် ရှိပါပြီ။ အသိဉာဏ်တော့ ရှိပါတယ်။ နှာခေါင်းပိုက်နဲ့ အစာလုံးဝ စားလို့ မရတော့ဘူး။ လျှာလှုပ်လို့ မရတော့တာ လူမတ်တပ်နဲ့ မတ်တပ် လမ်းလျှောက်လို့ မရတော့တာ ၁၆ နှစ် ရှိပါပြီ။ ဒီလိုမျိုးအနေအထားကို အသက်ရှင်ဖို့အတွက် ကုန်ကျစရိတ်က ဈေးကြီးပါတယ်။ အဲ့ဒီ အခက်အခဲကို ရုန်းကန်နေရတဲ့ အတွက် အချိန်ပြည့် ဒေါသ ဖြစ်ရင်ဖြစ်မယ်။ အဲ့ဒါကြောင့် ကျနော်ပြောတဲ့ စကားတွေက ဘယ်လိုမှ ချစ်ခြင်းမေတ္တာ စကားတွေ မဖြစ်နိုင်ပါဘူး” လို့ ပြောပါတယ်။
ထပ်ဆင့် အကယ်ဒမီ ဆုရှင် စန္ဒရား တင်ဝင်းလှိုင်ဟာ၂၀၁၃ ခုနှစ်မှာ “ကြယ်စင်မော်ကွန်း” ရုပ်ရှင် ဇာတ်ကားကြီးဖြင့် တကြိမ် အကောင်းဆုံး တေးဂီတဆု ရရှိခဲ့ပြီး၊ ယခုနှစ်မှာ “ကွမ်းလုံ ရက် ၄၀” ရုပ်ရှင်ဇာတ်ကားဖြင့် ရုပ်ရှင် နောက်ခံ တေးဂီတဆု ထပ်မံ ရရှိခဲ့တာ ဖြစ်ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – မြန်မာအသံက စန္ဒရားတင်ဝင်းလှိုင်ကို သတ္တိရှိရှိ ပြန်လည် တောင်းပန်ရန်ပြော