“Ready Player One” ရုပ်ရှင်ဟာ သံသယတွေကို အောင်မြင်စွာ ကျော်လွန်နိုင်ခဲ့ပြီး မြောက်အမေရိက ရုံဝင်ငွေ စာရင်းမှာ ချန်ပီယံတဦးအနေနဲ့ ပေါ်ထွက်လာခဲ့ပါတယ်။
ဒါရိုက်တာကြီး Steven Spielberg ရိုက်ကူးတဲ့ “Ready Player One”သိပ္ပံ စိတ်ကူးယဉ် ရုပ်ရှင်ဟာ ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့၊ သောကြာနေ့ ကနေ ဧပြီလ ၁ ရက်နေ့၊ တနင်္ဂနွေနေ့အထိ အီစတာပွဲတော် သီတင်းပတ် ကုန်ပိုင်းမှာ ခန့်မှန်းချေ အမေရိကန် ဒေါ်လာ ၄၁ ဒဿမ ၂ သန်းရရှိခဲ့ပြီး ဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တာပါ။
အဆိုပါ ရုပ်ရှင်ဟာ မတ်လ ၂၉ ရက်နေ့က ကြိုတင်ကြည့်ရှုမှုတွေပါ ထည့်ပေါင်းမယ် ဆိုရင် ၄ ရက်ကြာမြင့်ခဲ့တဲ့ သီတင်းပတ် ကုန်ပိုင်းမှာ အမေရိကန် ဒေါ်လာ ၅၃ ဒဿမ ၂ သန်း ရရှိခဲ့ ပါတယ်။ ဒါရိုက်တာကြီး Spielberg ရဲ့ ရသမျိုးစုံပေးစွမ်းနိုင်တဲ့ ရုပ်ရှင်တွေဘက်ကို ပြန်လည်ဦးလှည့်လာတဲ့ ကြိုးပမ်းမှု တခု အနေနဲ့ အဲဒီရုပ်ရှင်ဟာ ဆယ်နှစ်အတွင်း အကြီးမားဆုံး ပွဲဦးထွက်လှခဲ့တဲ့ ရုပ်ရှင် ဖြစ်လာခဲ့ပါတယ်။
Warner Bros. Pictures ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်လိုက်တဲ့ အဲဒီရုပ်ရှင်ဟာ ဒီသီတင်းပတ် ကုန်ပိုင်း နယ်မြေ ၆၂ ခု မှာ ခန့်မှန်းချေ ဒေါ်လာ ၁၂၈ သန်းရရှိခဲ့ပြီး နိုင်ငံတကာမှာလည်း ကောင်းကောင်းလက်ခံခဲ့တဲ့ ရုပ်ရှင် ဖြစ်ခဲ့ပါတယ်။
စာရေးဆရာ Ernest Cline ရဲ့ ဝတ္ထုကို အခြေခံထားပြီး သရုပ်ဆောင်တွေ ဖြစ်တဲ့ Tye Sheridan နဲ့ Olivia Cooke တို့ ဦးဆောင်ပါဝင်ထားတဲ့ “Ready Player One” ရုပ်ရှင်ဟာ ဝေဖန်ရေး ဆရာတွေရဲ့ အကောင်းမြင်သုံးသပ်ချက် ရရှိခဲ့ပေမယ့် ပရိသတ်တဦးချင်းစီရဲ့ အကြိုက်ကိုတော့ ဖြည့်စွမ်းနိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့်လည်း CinemaScore အွန်လိုင်း ရုပ်ရှင် အဆင့် သတ်မှတ်တဲ့ မီဒီယာကတော့ A-minus အဆင့်သတ်မှတ်ပေးထားပါတယ်။
Warner Bros. မှ ပြည်တွင်းဖြန့်ချိရေး ဥက္ကဌ Jeff Goldstein က “ကျနော်တို့ လုံးဝကို အံ့သြခဲ့ကြရပါတယ်၊ Steven Spielberg ဟာ ကျနော်တို့ခေတ်ရဲ့ အထူးချွန်ဆုံးဒါရိုက်တာ တယောက်ဖြစ်ပါတယ်၊ Steven လုပ်သလို ဘယ်သူကမှ လိုက်မလုပ်နိုင်ပါဘူး၊ ရုပ်ရှင် ထုတ်လုပ်ရေးမှာ ထူးခြား သာလွန်ခဲ့တဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်” လို့ပြောပါတယ်။
ရုံဝင်ငွေဇယားမှာ ဒုတိယနေရာမှာ ရှိနေတဲ့ ရုပ်ရှင်ကတော့ အသစ်ဖြန့်ချိခဲ့တဲ့ “Acrimony” ရုပ်ရှင်ဖြစ်ပါတယ်။ Tyler Perry ကိုယ်တိုင်ထုတ်လုပ်တဲ့ စိတ္တဇသည်းထိတ်ရင်ဖို ဟာ သုံးရက်ကြာမြင့်တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ ခန့်မှန်းချေ ဒေါ်လာ ၁၇ ဒသမ ၁ သန်းရရှိခဲ့ပါတယ်။ ဒါဟာ ထုတ်လုပ်ကုန်ကျစရိတ် ဒေါ်လာ ၁၅ သန်းအောက် လျော့နည်းတဲ့ ရုပ်ရှင်တခုရဲ့ ခိုင်မာတဲ့ စတင်မှုတခုလည်း ဖြစ်ပါတယ်။
“Black Panther” ရုပ်ရှင်ကတော့ အမေရိကန် ဒေါ်လာ ၁၁ ဒဿမ ၃ သန်းနဲ့ နံပါတ် ၃ နေရာကို ရောက်ရှိသွားခဲ့ပါတယ်။ ပြည်တွင်းမှာတော့ အမေရိကန် ဒေါ်လာ သန်း ၆၅ဝ ရရှိခဲ့ပြီး Marvel Studios ရဲ့ ပြည်တွင်းရုံဝင်ငွေအများဆုံး “The Avengers” ရုပ်ရှင်ကို ကျော်ဖြတ်နိုင်ခဲ့ပြီး ကန် ဒေါ်လာ ၆၅၂ သန်းရုံဝင်ငွေရရှိခဲ့ဖူးတဲ့ “Jurassic World” ရုပ်ရှင် အနောက်မှာ ရပ်တည် နေပါတယ်။
“I Can Only Imagine” ရုပ်ရှင်ကတော့ နံပါတ် ၃ နေရာကနေ နံပါတ် ၄ နေရာကို ဆင်းသွားခဲ့ပြီး အမေရိကန် ဒေါ်လာ ၁၀ ဒဿမ ၇ သန်း ရုံဝင်ငွေ ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ရဲ့ ရုံဝင်ငွေ ချန်ပီယံ “Pacific Rim Uprising” ရုပ်ရှင် ကတော့ ခန့်မှန်းချေ ကန် ဒေါ်လာ ၉ ဒဿမ ၅ သန်းနဲ့ နံပါတ် ၅ နေရာကို ဆင်းသွားခဲ့ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – မိုရီဆာကီဝင်း (အဝင်း) ပါဝင် သရုပ်ဆောင်ထားတဲ့ “Ready Player One” ရုပ်ရှင်
Ref ; aceshowbiz