ဟောလိဝုဒ်ရဲ့ ထိပ်တန်း အနုပညာကြေး အများဆုံး စတားတစ်ယောက်ဖြစ်တဲ့ မင်းသား Dwayne Johnson (The Rock) က မိခင်ဖြစ်သူ ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြိုးပမ်းနေတာကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရပြီးနောက် စိတ်ကျရောဂါနဲ့ ရင်ဆိုင်ခဲ့ရကြောင်းဧပြီလ၂ ရက်နေ့မှာ ပြောကြား လိုက်ပါတယ်။
အဲဒီလို ပြောကြားလိုက်ပြီး စိတ်ကျရောဂါ ခံစားနေရတဲ့ အမျိုးသားတွေ အနေနဲ့ သူတို့ရဲ့ အခက်အခဲတွေကို ဖွင့်ဟ ပြောကြားကြဖို့နဲ့ အကူအညီတောင်းကြဖို့ အားပေးတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
အသက် ၄၅ နှစ်၊ အရွယ် မင်းသား The Rock က “စိတ်ကျရောဂါဆိုတာ ဘယ်တော့မှ လူမရွေးပါဘူး၊ အဲဒါကို သဘောပေါက် နားလည်ဖို့ အချိန်တော်တော် ကြာခဲ့ပေမယ့် အဓိကအချက်က ပွင့်ပွင့်လင်းလင်း ပြောဖို့နဲ့ မကြောက်ဖို့ ပါပဲ။ အထူးသဖြင့် ကျနော်တို့လို အမျိုးသားတွေမှာ မျိုသိပ်ထားရတာတွေ ရှိပါတယ်၊ ခင်ဗျားတို့ တယောက်တည်း မဟုတ်ပါဘူး” လို့ သူ့ရဲ့ Twitter အကောင့်မှာ ပြောကြားခဲ့ပါတယ်။
Warner Bros ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တဲ့ အက်ရှင်ဇာတ်ကား “Rampage” အတွက် လက်ရှိမှာ ပရိုမိုးရှင်း လုပ်နေတဲ့ The Rock က သူဆယ်ကျော်သက ်အရွယ်မှာ မိခင်ဖြစ်သူ ကိုယ့်ကိုကိုယ် သတ်သေဖို့လုပ်နေတာကို ကိုယ်တိုင်မြင်တွေ့လိုက်ရပြီးတဲ့နောက် ကိုယ်တွင်း စိတ်ရိုင်းတွေနဲ့ ရင်ဆိုင်ခဲ့ ရတယ်လို့ ဗြိတိသျှသတင်းစာ Express ကို ဧပြီလ ၁ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ သူက “ကျနော် မလုပ်ချင်တဲ့ မသွားချင်တဲ့ နေရာတခုကို ရောက်ခဲ့ပါတယ်။ ကျနော် ငိုကြွေးခဲ့ရပါတယ်” လို့ ပြောပါတယ်။
သူအသက် ၁၅ နှစ်အရွယ်မှာ နေထိုင်ရာ တိုက်ခန်းကနေ မောင်းထုတ်ခံခဲ့ ရပြီး မကြာမီမှာပဲ Nashville မြို့မှာရှိတဲ့ Interstate 65 မှာ လမ်းမပေါ်မှာ ကားတွေလာနေတဲ့အထဲကို မိခင်ဖြစ်သူ လမ်းလျှောက် သွားခဲ့တာကို ကိုယ်တိုင် မြင်တွေ့ခဲ့ရတာ ဖြစ်တယ်လို့ မင်းသားက ဆိုပါတယ်။ အဲဒီအဝေးပြေး လမ်းမကနေ မိခင်ဖြစ်သူကို ဆွဲထုတ်ယူ နိုင်ခဲ့ပေမယ့် နှစ်ပေါင်း များ စွာကြာ စိတ်ကျရောဂါကို ခံစားခဲ့ရပြီး ဘောလုံး အားကစားသမား တဦးဘဝ ဖြစ်ခွင့်မရခဲ့ခြင်း၊ ချစ်သူမိန်းကလေးနဲ့ လမ်းခွဲခဲ့တယ်ဆိုတဲ့ ဒဏ်ရာ တွေကြောင့် ပိုမိုခက်ခဲကြမ်းတမ်းစေခဲ့တယ်လို့ ဆိုပါတယ်။
မင်းသားကြီး The Rock က “အမေနဲ့ ကျနော်တို့နှစ်ယောက်လုံး စိတ်သက်သာရာရကြပါပြီ၊ ဒါပေမယ့် အခြား လူတွေ ထိခိုက်နာကျင် နေချိန်မှာလည်း အာရုံစိုက် အလေးထားပြီး အကောင်းဆုံး လုပ်ဆောင်ပေးခဲ့ပါတယ် ” လို့ပြောဆိုခဲ့ပါတယ်။
The Rock ဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ပရော်ဖက်ရှင်နယ်န ပန်းသမားတဦးအနေနဲ့ နာမည်ပျော်ကြားခဲ့ပြီး တဲ့နောက် နိုင်ငံရေးလောကထဲသို့ ဝင်ဖို့လည်း စဉ်းစားခဲ့ပါသေးတယ်။ ၂၀၁၇ ခုနှစ်မှာ အမေရိကန် ဒေါ်လာ ၆၅ သန်း အနုပညာကြေး ရရှိခဲ့ပြီး ဟောလိဝုဒ်ရဲ့ ဒုတိယ အနုပညာကြေး အမြင့်ဆုံး မင်းသား တယောက်အဖြစ် Forbes မဂ္ဂဇင်းက သတ်မှတ်ပေးခဲ့ ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – ဟောလီးဝုဒ်မှာ ဝင်ငွေအကောင်းဆုံး စံချိန်တင်လိုက်တဲ့ The Rock
Ref ; Reuters