ဒီတခါမှာတော့ IMDB rating (7.2) ရရှိထားပြီး မကြာသေးခင်ပဲ ၂၀၁၈ ခုနှစ်၊ အစပိုင်းမှာ ရုံတင်ပြသထားတဲ့ “Padmaavat” ဆိုတဲ့ ဘောလိဝုဒ်ဇာတ်ကား ကောင်းတကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဘောလိဝုဒ်ရဲ့ ဂန္တဝင်ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးရာမှာ နာမည်ကြီးတဲ့ ဒါရိုက်တာ Sanjay Leela Bhansali ရိုက်ကူးထားတာဖြစ်ပြီး ဘောလိဝုဒ်ရဲ့ အနုပညာကြေးအမြင့်ဆုံး မင်းသမီးတယောက်ဖြစ်တဲ့ Deepika Padukone ၊ မင်းသား Ranveer Singh နဲ့ Shahid Kapoor တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ သမိုင်းအခြေခံ ဒရာမာဇာတ်လမ်း အမျိုးအစားပဲ ဖြစ်ပါတယ်။
ဒီဇာတ်လမ်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ ကျော်လောက်က သမိုင်းဖြစ်ရပ်ကို အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အလာဟူဒီးဟာ သူ့ဦးလေးဖြစ်သူ ဒေလီဘုရင် ဆူလ်တန်ဆီကနေ ဦးလေးရဲ့ သမီးဖြစ်သူကို တောင်းပြီး လက်ထပ်ခဲ့ပါတယ်။ တကယ်တော့ အလာဟူဒီးဟာ အကြံကြီးသူ တယောက်ဖြစ်တဲ့အပြင် သူ့ဦးလေး အရင်းကို သတ်၊ ထီးနန်းကို ရယူခဲ့ပြီး ဆူလ်တန်ဘုရင် ဖြစ်လာခဲ့ပါတယ်။
တဖက်မှာလည်း မင်းသမီး ပသ်မာဗသီနဲ့ ဘုရင် ရာတန်ဆင်းတို့ဟာ ချီသိုပြည်နယ်မှာ အေးချမ်းစွာနဲ့ အတူတကွ နေထိုင် ကြပါတယ်။ ဒါပေမယ့် စစ်မက်ရေးရာမှာ ထက်မြက်ပြီး မိန်းမချောချောဆို အပိုင်သိမ်းချင်လှတဲ့ ဆူလ်တန်ဘုရင်ဟာ မိဖုရား ပသ်မာဗသီရဲ့ အလှအပ ဂုဏ်သတင်းကို ကြားပြီး သိမ်းပိုက်ချင်တာက အစပြုလို့ ချီသိုပြည်နယ်ကို စစ်ကြေညာပြီး ၆ လ တိုင်တိုင် စစ်ချီခဲ့ပါတယ်။
ဆူလ်တန်ဘုရင်နဲ့ အဆင်းရော အချင်းပါ ပြည့်စုံတဲ့ မိဖုရား ပသ်မာဗသီတို့ရဲ့ အားပြိုင်မှုကို မြင်တွေ့ရမှာ ဖြစ်ပြီး ပသ်မာဗသီကို ဆူလ်တန်ဘုရင် အလာဟူဒီးက သိမ်းပိုက်နိုင်မှာလားဆိုတာ ဇာတ်လမ်းကို ဆက်လက်ကြည့်ရှု ရမှာပါ။
ဒီဇာတ်ကားဟာ ဇာတ်လမ်း၊ သရုပ်ဆောင်နဲ့ ရှေးခေတ်အတိုင်း ပြင်ဆင်ထားတဲ့ ဆက်တင် အပြင်အဆင်တွေဟာ သေသပ် အဆင့်မြင့်ပြီး ဟာကွက် မရှိ၊ ကောင်းမွန်လှတဲ့ ရုပ်ရှင်ကား တကားဖြစ်တဲ့အပြင် မွတ်ဆလင် ဘုရင်တဦးနဲ့ ဟိန္ဒူဘုရင့် မိဖုရားတပါး တို့အကြားက ရာဇဝင်သမိုင်း ဖြစ်ရပ်တခုကို ရိုက်ကူးထားတာကြောင့် လူမျိုးရေး ပြဿနာပေါင်းများစွာနဲ့ ဒါရိုက်တာ အပါအဝင် ဇာတ်ကားမှာ ပါဝင်ကြတဲ့ သရုပ်ဆောင်တွေဟာလည်း ခြိမ်းခြောက်ခံခဲ့ရပါတယ်။
ဒါပေမယ့် ဒီဇာတ်ကားဟာ ရုံတင်အပြီးမှာ ရုံဝင်ငွေ အမေရိကန်ဒေါ်လာ ကုဋေ ၂၀ နီးပါးနဲ့ အိန္ဒိယအပါအဝင် တကမ္ဘာလုံး အတိုင်းအတာနဲ့ အောင်မြင်ခဲ့တာကြောင့် ရုပ်ရှင်ချစ် ပရိသတ်တွေ ပြန်လည် ကြည့်ရှုနိုင်အောင် ညွှန်းဆို လိုက်ပါတယ်။