ဒီနေ့ခေတ် အင်တာနက် အသုံးပြုမှု တိုးတက်မြင့်မားလာတာနဲ့ အတူ Facebook, Twitter စတဲ့ လူမှု ကွန်ရက်စနစ် (Social Media) တွေ အသုံးပြုမှုက နေ့စဉ် လူနေမှု ဘဝရဲ့ အစိတ်အပိုင်းတရပ် ဖြစ်လာပါတယ်။ ပြည်တွင်းမှာ ဆိုရင် ဆယ်လီ (Cele-ကျော်ကြားသူ) တယောက်ဖြစ်ဖို့ Facebook မှာ လူကြိုက်များအောင် လုပ်နိုင်ရုံနဲ့ ဖြစ်နိုင်ပါတယ်။ နိုင်ငံတကာမှာလည်း ဒီလိုပါပဲ။ နိုင်ငံအလိုက် Facebook, Twitter သုံးမှုတွေပဲ ကွဲပြားကြပေမယ့် လူမှု ကွန်ရက်ကနေ ဆယ်လီဖြစ်အောင် လုပ်ဖို့ လွယ်သလို လူတိုင်းလိုလိုလည်း Social Media ကို သုံးကြပါတယ်။
ဒါပေမယ့် အခုပြောမယ့် သူတွေ ကတော့ အင်တာနက် လူမှုကွန်ရက်ကို လုံး၀ မသုံးသူတွေ၊ စိတ် မဝင်စားသူတွေ၊ သူတို့ရဲ့ သက်ဆိုင်ရာ နယ်ပယ်မှာပဲ အကောင်းဆုံး နေထိုင်ပြီး အောင်မြင်ထင်ရှားသူ အဖြစ် ရှိနေသူတွေပါ။
(၁) လူးဝစ် စီကေ (Louis C.K.) ။ ။ မကြာသေးခင်က Tonight Show နဲ့ အင်တာဗျူးမှာ သူ့ အနေနဲ့ တလတခါ လောက်ပဲ အင်တာနက် သုံးဖြစ်တယ် လို့ ဖြေသွားတာ တွေ့ထားရပါတယ်။ နောက်ပိုင်းမှာလည်း အင်တာနက် သုံးဖို့ မရှိသေးဘူး လို့ ဆိုပါသေးတယ်။ နာမည်ကျော် ဟာသသရုပ်ဆောင် လူးဝစ်က စမတ်ဖုန်း အသုံးပြုမှု နှစ်သက်သူ တယောက် မဟုတ်။ ၂၀၁၃ ခုနှစ် အတွင်းက Conan နဲ့ အင်တာဗျုးမှာလည်း စမတ်ဖုန်းတွေဟာ လူတွေရဲ့ စိတ်ကို တွေဝေစေတယ်၊ စိတ်ညစ်စရာတွေသာ ပေးနိုင်မယ် လို့ ထင်ကြောင်း ပြောထားဖူးပါသေးတယ်။
(၂) ခရစ်စတိုဖာ ဝေါ့လ်ကင်း (Christopher Walken) ။ ။ သူ့ရဲ့ ရုပ်ရှင်ကားသစ် The Family Fang နဲ့ ပတ်သတ်ပြီး Newsweek နဲ့ အင်တာဗျူးမှာ ဘဝမှာ တကယ်တမ်း အေးချမ်းချင်ရင် ကွန်ပျူတာတွေ မသုံးသင့်ဘူးလို့ ဖြေသွားတာ တွေ့ရပါတယ်။ “ကျနော့် အမျိုးသမီးက ကွန်ပျူတာသုံးတယ်၊ သူ ကြည့်စေချင်တာလေးတွေ ရှိရင် ကျနော့်ကို ပြတယ်။ ဒါပေမယ့် မင်းဟာမင်းပဲ ကြည့်ပါ လို့ ပြောလိုက်ပါတယ်။ ကျနော့် အနေနဲ့ ကြည့်ချင်စိတ်၊ သုံးချင်စိတ် လုံး၀ မရှိဘူး” လို့ ပြောပါတယ်။
ရုပ်ရှင် ရိုက်ကူးရေး ကာလမှာလည်း ဒါရိုက်တာက လိုအပ်ရင် ဆက်သွယ်ဖို့ ဖုန်းတလုံး ခရစ်စတိုဖာကို ပေးထားပေမယ့် ဇာတ်ကား ရိုက်ပြီးရင် သူက ဖုန်းကို ဒါရိုက်တာဆီ ပြန်ပေးပါသတဲ့။ ဖုန်းလည်းသုံးတဲ့ အကျင့် မရှိဘူးလို့ ဆိုပါတယ်။
(၃) ဝင်နိုနာ ရိုက်ဒါ (Winona Ryder) ။ ။ ၂၀၁၀ ခုနှစ် အတွင်းက အင်တာဗျူး တခုမှာ သူမ အနေနဲ့ စမတ်ဖုန်း လုံး၀ မသုံးဘူး လို့ ဆိုသလို အဆိုပါနှစ် အတွင်း အခြားအင်တာဗျူး တခုမှာ ကွန်ပျူတာလည်း မသုံးဖြစ်သလောက်ပဲ လို့ ဖြေဖူးတာ တွေ့ရပါတယ်။ ကျမရဲ့ BlackBerry ဖုန်းထဲကို Email ဝင်တယ်၊ ဖတ်တယ်၊ ဒီလောက်ပဲ၊ Blog တွေ Social Media တွေ မသုံးဘူးလို့ ဆိုပါတယ်။
(၄) အင်ဂျလီနာ ဂျိုလီ (Angelina Jolie) ။ ။ ၂၀၁၁ ခုနှစ် အတွင်း USA Today သတင်းစာကို သူမအနေနဲ့ Amazon.com ကို ပထမဆုံးအကြိမ် ဝင်သုံးခဲ့ကြောင်း၊ လိုချင်စရာတွေ အများကြီး တွေ့ခဲ့ကြောင်း ပြောပါတယ်။ သူမကို အာရုံများစေတယ် လို့ ယူဆကြောင်းလည်း ပြောပါတယ်။ ဒါဟာ သူမ ဘယ်လောက်ထိ အင်တာနက် မသုံးဘဲ နေတယ် ဆိုတာ သိသာစေခဲ့ သလို အဆိုပါ ၂၀၁၁ ခုနှစ် မတိုင်ခင်က ဆိုရင် သူမအနေနဲ့ ကွန်ပျူတာကို ဘယ်လို ဖွင့်ရတယ် ဆိုတာတောင် ကောင်းကောင်း မသိဘူးလို့ ဝန်ခံခဲ့ဖူးတာလည်း တွေ့ရပါတယ်။
(၅) ဘရက်ပစ် (Brad Pitt) ။ ။ Twitter မှာ ဘရက်ပဒ်လို ချောမောသူတွေ ဆယ်လီ ဖြစ်နေတာ အများကြီးပါ။ ဒါပေမယ့် သူကတော့ အင်တာနက်ကို ဘယ်လို အသုံးချရမယ် ဆိုတာ ကောင်းကောင်းမသိဘူး လို့ ဆိုသလို လူမှု ကွန်ရက် မှာလည်း ကျော်ကြားမှု မလိုချင်ဘူး လို့ ဆိုပါတယ်။ ၂၀၀၉ ခုနှစ် အတွင်း Newsweek ကို ပြောတဲ့ စကားတခုမှာ ရုပ်ပြဆန်တောင်းတဲ့ သဘောမျိုးသူ့ အနေနဲ့ လုံး၀ စိတ်မဝင်စားကြောင်း ပြောခဲ့ပါသေးတယ်။
(၆) အယ်လ်တန်ဂျွန် (Elton John) ။ ။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က သူ့ အနေနဲ့ ဖြစ်ချင်တဲ့ ဆန္ဒတခု ပြောခဲ့ဖူးပါတယ်၊ အဲဒါကတော့ အင်တာနက် စနစ် တခုလုံး ၅ နှစ်လောက် ပိတ်ထားသင့်တယ် လို့ ဆိုတာပါပဲ။ နာမည်ကျော် အင်္ဂလန် ဂီတပညာရှင်က အင်တာနက်ပေါ်မှာ ဈေးပေါပေါနဲ့ အနုပညာတွေ ချပြနေရတာကို နှမြောပုံရပါတယ်။ အိမ်မှာပဲ အင်တာနက် သုံးနေမယ့် အစားလမ်းပေါ်ထွက်ပြီး လောကရဲ့ အရသာကို ခံစားကြည့်စမ်းပါလို့ The Sun ကို ပြောဖူးတာတွေ့ရပါတယ်။
(၇) ဂျော့ဂျ်ကလူနီ (George Clooney) ။ ။ သူက Facebook နဲ့ Twitter ဆန့်ကျင်သူ တယောက်ပါ။ Facebook က ပို့စ်တွေ ကြည့်ရတာထက် တီဗီမှာ လာနေတဲ့ ပျင်းစရာကောင်းတဲ့ အစီအစဉ်တွေသာ ကြည့့်ချင်တယ်၊ တကယ်တမ်း ကျော်ကြားမှု မဟုတ်တဲ့ လူသိများမှု လိုချင်ရင် Twitter ကိုသာ သုံးပါ လို့တောင် လူမှု ကွန်ရက်စနစ်တွေကို တိုက်ခိုက် ပြောဆိုထားသူပါ။
(8) ရေချယ်လ် မက်အဒမ် (Rachel McAdams) ။ ။ ၂၀၀၉ ခုနှစ် အတွင်းက သူမအနေနဲ့ ရှေးဆန်ဆန် ခေတ်ထဲမှာ နေနေတယ်၊ ရေဒီယိုကနေ သတင်းတွေ နားထောင်တယ်၊ တီဗီ မကြည့်ဘူး၊ Email လို စနစ်တွေ မသုံးချင်ဘူး လို့ ပြောဖူး ပါတယ်။ အခုတော့ Netflix ကနေ ရုပ်သံတွေ ကြည့်နေပေမယ့် လူမှု ကွန်ရက် စနစ်တွေတော့ မသုံးပါဘူးတဲ့။
(၉) အီမီနမ် (Eminem) ။ ။ ၂၀၁၀ ခုနှစ် အတွင်း သူ့အနေနဲ့ လူမှုကွန်ရက်တွေ လုံး၀ မသုံးဘူး လု့ိ ဖွင့်ပြော လာပါတယ်။ တကယ်လို့ ကျနော်သာ လူမှုကွန်ရက်စနစ်တွေ သုံးတတ်ခဲ့ရင် သီချင်း ရေးဖြစ်တော့မှာ မဟုတ်ဘူးဗျ၊ ကွန်းမန့်တွေ ထိုင်ဖတ်ပြီး အချိန်ကုန်နေတော့မှာပဲ လို့ ဆိုပါတယ်။ ဒါပေမယ့် ၂၀၀၉ ခုနှစ် အတွင်းTwitter အကောင့် သုံးတာ တွေ့ခဲ့ရပြီး တွေ့ရသလောက် အကောင့် ဖွင့်ပြီး ၇ နှစ်ကြာသည် အထိအောင် ၆၁၅ ကြိမ်ပဲ တွိထားတာ တွေ့ရပါတယ်။
(၁၀) ရှယ်လ်လိန်း ဝုဒ်လေး (Shailene Woodley) ။ ။ သင့် အနေနဲ့ သူမကို ဖန်တီးမှု အားကောင်းတဲ့ ရုပ်ရှင်တွေထဲမှာ တွေ့နေကျ ဖြစ်ပေမယ့် တကယ်တော့ သူမက အင်တာနက် အသုံးပြုမှု မရှိသလောက် နည်းတယ် လို့ The Daily Beast ကို ပြောဖူးတာ တွေ့ရပါတယ်။ စမတ်ဖုန်းတောင် မသုံးဘူး လို့ ဆိုပါတယ်။ Google Map လို မြေပုံစနစ်လည်း မရှိဘူး။ တနေရာရာ သွားတယ်၊ မသွားတတ်ရင် လမ်းဘေးက လူတွေဆီကနေ လမ်းမေးသွားတယ် လို့ သူမက ပြောပါတယ်။ နည်းပညာနဲ့ ဝေးဝေး နေလေလေ သင့် အနေနဲ့ လွတ်လပ်မှုရလေလေပဲ လို့ သူမက ယူဆထားသူပါ။
(၁၁) ဂျိတ်ခ် ဂျီလန်ဟောလ် (Jake Gyllenhall) ။ ။ လွန်ခဲ့တဲ့ ၂ နှစ်က USA Today ကို ပြောတဲ့ စကားထဲမှာ ဒီနေ့ခေတ် လူတွေဟာ ဖုန်းတွေကို သူတို့ လက်ထပ်ထားသူ၊ ချစ်သူတွေ ထက်တောင်မှ နီးနီးကပ်ကပ် အမြဲထားနေကြပြီ လို့ မြင်မိကြောင်း ဆိုပါတယ်။ သူ့ရဲ့ ပရိတ်သတ်တွေက သူ့ပုံတွေကို လူမှုကွန်ရက်တွေမှာ တင်ဖို့ တောင်းဆိုကြပေမယ့် သူကတော့ ပိတ်ကားထက်မှာ မဟုတ်ရင် သူ့ကို မြင်ရမှာ မဟုတ်ဘူးလို့ ဆိုထားသူပါ။
(၁၁) ဂျနီဖာလောရင့်စ် (Jennifer Lawrence) ။ ။ ၂၀၁၄ ခုနှစ် အတွင်းက BBC ရဲ့ ရေဒီယို၁ အစီအစဉ်မှာ လူမှုကွန်ရက်နဲ့ နည်းပညာတွေက သူမကို အဟန့်အတား ဖြစ်စေနိုင်စေတယ် လို့ မြင်မိကြောင်း ပြောခဲ့သူပါ။ ဖုန်းရော အင်တာနက်ရော သိပ်မသုံးပါဘူး၊ Emailတွေ Twitter တွေလည်း သိပ်မလိုဘူး လို့ ဆက်ပြောပါတယ်။ ကြိုးစားမှုသာ အဓိကလို့ ယုံကြည်တဲ့ သူမအတွက်တော့ လူမှု ကွန်ရက်စနစ်တွေ သုံးပြီး အချိန်ကုန်ခံချင်ပုံ မရပါဘူး။
Ref: www.businessinsider.com