အဆိုတော် မေခလာက “ဥပါယ်တံမျဉ်”၊ “မုဒြာရဲ့ခေါ်သံ” ရုပ်ရှင်ဇာတ်ကားများကို ဖန်တီးခဲ့ကြတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီနဲ့ မင်းသားဇဏ်ခီတို့ ဇနီးမောင်နှံတို့ရဲ့ ကြိုးစားမှု၊ အတွေးအခေါ်၊ ပညာကို အရမ်း ဂုဏ်ယူတယ်လို့ ဧရာဝတီကို ပြောပါတယ်။
“ကိုယ့်မြန်မာလူမျိုးတွေ အားကစားမှာ၊ ပညာရေးမှာ၊ အနုပညာမှာ ထူးချွန်သူတွေ ရှိကြတယ်။ အခုပေါ်နေတဲ့ ခီတို့ လင်မယားဆိုရင် ချစ်ငယ် အရမ်းဂုဏ်ယူတယ်။ သူတို့အတွက် ချစ်ငယ် ဝမ်းနည်းဝမ်းသာ ဖြစ်ရတယ်။ ဘာဖြစ်လို့လဲ ဆိုရင် သူတို့ရုပ်ရှင် ထွန်းပေါက်တဲ့အတွက် မြန်မာဆိုတာ ပိုသိမှာလေ။ အဲဒီတော့ ကမ္ဘာမှာ ကိုယ့်မြန်မာလူမျိုးတွေကို သိဖို့အတွက် အနုပညာအရလည်း ထိုးဖောက်နိုင်ရမယ်။ ပညာတော်တဲ့သူ အနေနဲ့လည်း ထိုးဖောက်နိုင်ရမယ်။ အဲဒီတော့ ခီတို့ လင်မယားအတွက် ချစ်ငယ် လေးစားတယ်။ သူတို့ရဲ့ ကြိုးစားမှု၊ အတွေးအခေါ်၊ ပညာကို အရမ်း ဂုဏ်ယူပါတယ်” လို့ အဆိုတော် မေခလာက ပြောပါတယ်။
လက်ရှိ အနုပညာလောကမှာ ရှိနေတဲ့ အနုပညာရှင်များအနေနဲ့လည်း တော်ပြီးသားဖြစ်တဲ့အတွက် ထပ်မံကြိုးစားပြီး မြန်မာလူမျိုးများမှာ ရှိတာလေးနဲ့ အဆင်ပြေအောင် ပြုလုပ်ရကြောင်း၊ ပညာကို ဒီထက် ဆည်းပူးပြီး လေ့လာခွင့်၊ သင်ကြားခွင့် ရမယ်ဆိုပါက မြန်မာဆိုတာ ထိပ်ဆုံးဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။
“အခုရှိနေတဲ့ အနုပညာရှင်တွေလည်း ကြိုးစားပါ။ တော်ပြီးသားပါ။ ထပ်ပြီးတော့ မွန်းမံရုံပဲ။ မြန်မာလူမျိုးတွေကလည်း ရှိတာလေးနဲ့ အဆင်ပြေအောင် လုပ်ရတာလေ။ မြန်မာနိုင်ငံမှာရှိတဲ့ ဒါရိုက်တာတွေအားလုံး ဇာတ်ညွှန်း ရေးတဲ့သူတွေ အားလုံး တခြားသူတွေ အားလုံးရော ရှိတာလေးနဲ့ ကောင်းအောင် ရိုက်နေရရှာတာလေ။ ပညာတွေ ဒီထက် ဆည်းပူးမယ်။ လေ့လာ သင်ကြားခွင့်တွေရမယ်ဆိုရင် မြန်မာဆိုတာ Top ဖြစ်မှာပေါ့။ မျိုးဆက်သစ်တွေကို ကြိုဆိုတယ်” လို့ မေခလာက ပြောပါတယ်။
အဆိုတော် မေခလာအနေနဲ့ မကြာခင်မှာ ကျရောက်မယ့် မြန်မာနှစ်ကူး သင်္ကြန်ကို ထားဝယ်မြို့မှာ သီချင်းဆိုရင်း ဖြတ်သန်းသွားမယ်လို့ သိရပါတယ်။ “မကြာခင်မှာ နှစ်သစ်ရောက်တော့မယ်။ မြန်မာတွေရဲ့ New Year ပေါ့။ တကယ့် New Year ပါ။ Happy New year ပါ။ မြန်မာနှစ်သစ်ကူးမှာ အားလုံးသော ၇ ရက် သားသမီးတွေ စီးပွားဥစ္စာ တိုးတက် ပါစေ။ နောက်ပြီးတော့ ကပ်ကြီးတွေနဲ့ မကြုံတွေ့ပါစေနဲ့လို့ ဆုတောင်းပေးပါတယ်နော် ။ မြန်မာပြည်သားတွေ အားလုံးကို ချမ်းသာစေချင်တယ်”လို့ မေခလာက နှစ်သစ် ဆုတောင်းပေးခဲ့ပါတယ်။
အဆိုတော် မေခလာဟာ ဧပြီလ ၉ရက်နေ့မှာ ပြုလုပ်မယ့် “နှစ်ဖက်လှ ဂီတစာဆို ကိုလေးလွင် အမှတ်တရ ဖျော်ဖြေပွဲ” မှာလည်း တေးရေး ကိုလေးလွင် ရေးစပ်ပေးခဲ့ပြီး သူမ သီဆိုကာ အောင်မြင်ကျော်ကြားခဲ့တဲ့ တေးသီချင်းများနဲ့ အမှတ်တရ ဖျော်ဖြေသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။