“Dangal” ဟာ အင်္ဂလိပ်လိုဆိုရင် “နပန်းပြိုင်ပွဲ”လို့ အဓိပ္ပာယ်ရပါတယ်။ ဖြစ်ရပ်မှန် ဇာတ်ကားဖြစ်ပြီး Sport Drama အမျိုးအစားပါ။ မင်းသားကြီး Amir Khan ကိုယ်တိုင်ထုတ်လုပ်ခဲ့ပြီး ဒါရိုက်တာ Nitesh Tiwari က ရိုက်ကူးခဲ့ပါတယ်။
အိန္ဒိယရဲ့ ပထမဆုံး ကမ္ဘာ့အဆင့်မီ အမျိုးသမီး နပန်းသမားဖြစ်အောင် မွေးထုတ်ပေးခဲ့တဲ့ ဖခင်အကြောင်းကို ရိုက်ကူးထားတာပါ။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာမှာ စတင်ပြသခဲ့ပြီး အောင်မြင်မှု တော်တော်လေး ရရှိခဲ့ပါတယ်။
ရိုက်ကူးတုန်းက ဘတ်ဂျက်ကို အမေရိကန်ဒေါ်လာ ၁၁ သန်းရင်းခဲ့ပြီး ကမ္ဘာတစ်ဝန်းမှာ ပြသတဲ့အခါ အမေရိကန် ဒေါ်လာသန်း ၃၂၀ တောင် ရရှိခဲ့သလို ဆုပေါင်းမြောက်မြားစွာ ပိုင်ဆိုင်ခဲ့ပါတယ်။ ဘေဂျင်း နိုင်ငံတကာ ရုပ်ရှင်ပြပွဲနဲ့ BRICS ပွဲတော်မှာလည်း ပြသခဲ့သလို နိုင်ငံတကာမှာ လူကြိုက်များခဲ့ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ အပျော်တမ်းနပန်းသမား Mahavir Singh Phogat ဟာ သူတို့ Balali ရွာမှာတော့ ချန်ပီယံ အဆင့်ပါ။ သူ့ရဲ့ဖခင်ဖြစ်သူက ဘဝအာမခံချက် မရှိတဲ့ ဒီအလုပ်ကို စွန့်လွှတ်ခိုင်းတဲ့အခါ မလွန်ဆန်နိုင်ခဲ့ပါဘူး။ နိုင်ငံအတွက် ရွှေတံဆိပ် ယူပေးဖို့အတွက် သူ မလုပ်နိုင်ခဲ့ပေမယ့် သူ သားလေး မွေးလာတဲ့အခါ ဒီအိပ်မက်ကို အကောင်အထည်ဖော်ဖို့ စိတ်ကူးထားသူပါ။
ကံဆိုးစွာနဲ့ပဲ သူ့မှာ သမီးချည်းပဲ ၄ ယောက် ရခဲ့ပါတယ်။ တနေ့မှာ သူ့သမီး အကြီး နှစ်ယောက် Geeta နဲ့ Babita က ကျောင်းမှာ ကောင်လေးတွေနဲ့ ရန်ဖြစ်လာတာကနေစပြီး ဘာတွေပြောင်းလဲ သွားသလိုဆိုတာကို ဇာတ်ကားမှာ ဆက်လက် ကြည့်ရှုရမှာပါ။
Amir Khan ကတော့ သူရိုက်ကူးတဲ့ ဇာတ်ကားမှန်သမျှ ပရိသတ်တွေကို ရသတခု ပေးနိုင်တယ်ဆိုတာ ယုံမှားစရာ မရှိပါဘူး။ သူကိုယ်တိုင်လည်း ဇာတ်ကောင်နဲ့ လိုက်ဖက်ဖို့ ကိုယ်အလေးချိန် အတိုးအလျှော့အတွက် လေ့ကျင့်ခန်း အများကြီး လုပ်ခဲ့ရပါတယ်။
သာမန် အချစ်ဇာတ်လမ်း မဟုတ်ဘဲ လက်လုပ်လက်စား ဖခင် တယောက်က နိုင်ငံဂုဏ်ဆောင် အားကစားသမား တယောက်ကို ဘယ်လို မွေးထုတ်ပေးခဲ့တယ်၊ နည်းလမ်း ပြပေးခဲ့တယ်ဆိုတာ ဒီဇာတ်ကားမှာ ကြည့်ရှုရမှာပါ။ IMDB Rating (8.6) ရထားပြီး မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်း တကားမို့ ရုပ်ရှင်ချစ် ပရိသတ်တွေ အတွက် ညွှန်းဆို လိုက်ပါတယ်။