မကြာခင် ကျရောက်လာတော့မယ့် သင်္ကြန်ပိတ်ရက်တွေမှာ အပြင်ထွက် မလည်ဘဲ အိမ်မှာပဲ အေးအေးဆေးဆေး အနားယူမယ့်သူတွေ ကြည့်ရှုသင့်ပြီး အချိန်ကုန်ရကျိုးလည်း နပ်စေမယ့် ဘောလိဝုဒ် ဇာတ်ကားကောင်းတွေကို ဧရာဝတီမှ စုစည်း ဖော်ပြ လိုက်ပါတယ်။
(၁) 7 Khoon Maaf (2011)
မင်းသမီး Priyanka Chopra ပါဝင်တဲ့ ဒီဇာတ်ကားဟာ မကောင်းတဲ့ ယောကျာ်းတွေနဲ့ပဲ ဆုံဖို့ ကံပါလာတဲ့ အိမ်ထောင်ရေး ကံခေသူလေး ဆူဆန်နာဆိုတဲ့ အမျိုးသမီး တယောက် ၊ သူမဟာ ယောကျာ်း ၆ယောက်အထိ ယူခဲ့ပြီး ၆ ယောက်လုံးကို သေနေ့မစေ့ခင် သေရွာကို ပို့ခဲ့ကာ ၇ ယောက်မြောက် ယောကျာ်းကရော ဘယ်သူဖြစ်မလဲဆိုတဲ့ စိတ်ဝင်တစားနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတကားပဲ ဖြစ်ပါတယ်။
မိန်းမတိုင်း တသက်မှာတခါ သူတို့ ယောကျာ်းတွေကို သတ်ဖို့ စဉ်းစားဖူးပါတယ်” ဆိုတဲ့ 7 Khoon Maaf
(၂) Lion (2016)
အိန္ဒိယနိုင်ငံရဲ့ဆင်ခြေဖုံးရပ်ကွက်က ၅နှစ်အရွယ် ကောင်လေးတစ်ယောက် ရထားတွဲ တတွဲပေါ်မှာ အိပ်ပျော်သွားရာ ကတဆင့် မိဘဆွေမျိုးတွေနဲ့ ဝေးကွာခဲ့ရပြီး Australia နိုင်ငံကလင်မယားက မွေးစားခဲ့ပါတယ်။ နှစ်ပေါင်း ၂၀ကျော် အကြာမှာတော့ သူ့မွေးရပ်မြေနဲ့ မိဘဆွေမျိုးတွေကို ပြန်လည်ရှာဖွေတဲ့ တင်ဆက်မှုကောင်းကောင်းနဲ့ ရိုက်ကူးထားတဲ့ ဘောလိဝုဒ် ဇာတ်ကားကောင်း ဖြစ်ပါတယ်။
အိမ်အပြန်လမ်းကို ရှာဖွေခဲ့တဲ့ Sheru (သို့မဟုတ်) “Lion”
(၃) Qarib Qarib Singlle (2017)
မင်းသား အီရာဖန်ခမ်းနဲ့ မင်းသမီးချော ပါရာဗသီတို့ပါဝင်ပြီး အိန္ဒိယရိုးရာ ယဉ်ကျေးမှုနဲ့ အလှအပတွေကို ထည့်သွင်း ရိုက်ကူးထားတဲ့ romance ဇာတ်ကားကောင်းတကားပဲဖြစ်ပါတယ်။
(၄) Padmaavat (2018)
မွတ်စလင် ဘုရင်တပါးနဲ့ ဟိန္ဒူဘုရင့် မိဖုရားတို့ကြားက ရာဇဝင်သမိုင်း ဖြစ်ရပ်တခုကို အခြေခံ ရိုက်ကူးထားတဲ့ အိန္ဒိယ နိုင်ငံအပါအဝင် တကမ္ဘာလုံးအတိုင်းအတာနဲ့ အောင်မြင်ခဲ့တဲ့ ဇာတ်ကားကောင်းတကား ဖြစ်ပါတယ်။
မွတ်ဆလင် ဘုရင်နဲ့ ဟိန္ဒူဘုရင့် မိဖုရားတို့အကြားက ရာဇဝင်သမိုင်း “Padmaavat”
(၅) Toilet (2017)
ဘောလိဝုဒ်နာမည်ကြီးမင်းသား Akshay Kumar ပါဝင်တဲ့ အိမ်သာတလုံးက အစပြုလို့ လက်ဆင့်ကမ်း ရှေးရိုးစွဲ ရွာဓလေ့ကြောင့် အိမ်ထောင်ရေး ပြိုကွဲရမယ့် အခြေအနေထိ ရောက်ရှိခဲ့တဲ့ Comedy Drama အမျိုးအစား ဇာတ်ကားကောင်း တကားပဲ ဖြစ်ပါတယ်။
အိမ်သာမရှိတဲ့ ရွာဓလေ့ တခုကို ရိုက်ပြထားတဲ့ “Toilet” ရုပ်ရှင်
ကဲ ဒါဆိုရင်တော့ သင်္ကြန်မှာ အပြင်ထွက် မလည်ဘဲ အိမ်မှာပဲ နားနားနေနေ အပန်းဖြေ အနားယူလိုတဲ့ ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် ကြည့်ရှုစရာ ဇာတ်ကားကောင်းတွေကို အခုလိုပဲ ညွှန်းဆိုလိုက်ရပါတယ်။