ဗြိတိသျှမင်းသား Daniel Craig ဟာ မကြာခင်ရိုက်ကူးမယ့် “Bond 25” ရုပ်ရှင်မှာ ဂျိမ်းစ်ဘွန်းအဖြစ် ပြန်လည်ပါဝင်လာ တော့မှာဖြစ်တယ်လို့ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ အသက် ၅၀ အရွယ် မင်းသားဟာ အဲဒီသတင်းကို Opportunity Network ရဲ့ ပရဟိတလေလံတင်ပွဲအခန်းကို တက်ရောက်နေစဉ် AP Entertainment နဲ့ ပြုလုပ်ခဲ့တဲ့အင်တာဗျူးတခု မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
၂၀၀၈ ခုနှစ်အတွက် အကောင်းဆုံးဇာတ်ကားဆု ရရှိထားတဲ့ “Slumdog Millionaire” ရုပ်ရှင် ဒါရိုက်တာ Danny Boyle က အခုရုပ်ရှင်ကို ရိုက်ကူးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ဒါပေမယ့် မင်းသား Daniel က MGM နဲ့ Eon Production တို့က ထုတ်လုပ်မယ့် ရုပ်ရှင်မှာ ဒါရိုက်တာ Danny အနေနဲ့ ပါဝင်မယ်ဆိုတာနဲ့ ပတ်သက်လို့ ငြင်းဆိုထားပါတယ်။ သူက “ကျနော်တို့တွေ့ရမှာပါ၊ ကျနော်တို့တွေ့ရမှာပါ” လို့ ပြောဆိုထားပါတယ်။ မင်းသား Daniel တယောက် ပရဟိတလေလံ တင်ပွဲမှာ တက်ရောက်လာခဲ့တဲ့ အကြောင်းအရင်းကတော့ သူ့ရဲ့ကိုယ်ပိုင် Aston Martin ကားကို ရောင်းချဖို့ဖြစ်ပါတယ်။ အဲဒီသမိုုင်းဝင် ပြိုင်ကားကတော့ “Goldfinger” နဲ့ “Skyfall” တို့လို ဂျိမ်းစ်ဘွန်းရုပ်ရှင်တွေမှာ ပါဝင်ခဲ့ဖူးပါတယ်။
အဲဒီကားရောင်းချမှုကနေ ရရှိလာမယ့် ငွေတွေကို ပညာရေးဆုံးခန်းတိုင်သင်ကြားနိုင်ဖို့ ဆင်းရဲချို့တဲ့ ကျောင်းသားတွေကို ထောက်ပံ့ပေးမယ့် Opportunity Network ကို လှူဒါန်းမှာ ဖြစ်တယ်လို့ သူကဆိုပါတယ်။ ကားရောင်းချငွေ ဘယ်လောက် ရမယ်လို့ ခန့်မှန်းထားပါသလဲဆိုတဲ့မေးခွန်းကို မင်းသား Daniel က “ဖြစ်နိုင်ရင်များများပေါ့” လို့ ပြန်လည်ဖြေကြား ထားပါ တယ်။ “Bond 25” ရုပ်ရှင်အကြောင်းထပ်ပြောရမယ်ဆိုရင် အခုရုပ်ရှင်အတွက် သရုပ်ဆောင်တော်တော်များများ ပြန်လည် ပါဝင်လာကြမှာပဲ ဖြစ်ပါတယ်။ မင်းသမီး Naomie Harris က Eve Moneypenny အဖြစ် ပြန်လည်ပါဝင်လာမယ်လို့ ကောလာဟလသတင်း ထွက်ပေါ်နေပါတယ်။ မင်းသားတွေ ဖြစ်ကြတဲ့ Ben Whishaw နဲ့ Rory Kinnear ကတော့ Q နဲ့ Tanner အဖြစ် ပါဝင်လာမယ်လို့ ခန့်မှန်းရပါတယ်။
တခြားဂျိမ်းစ်ဘွန်း ရုပ်ရှင်တွေအတွက် ဇာတ်ညွှန်းရေးသားပေးခဲ့တဲ့ Neal Purvis နဲ့ Robert Wade တို့က ၂၅ ကားမြောက် ရုပ်ရှင်အတွက် ဇာတ်ညွှန်းပြန်လည် ရေးသားပေးကြလိမ့်ဦးမယ်လို့ ခန့်မှန်းရပါတယ်။ ဒါပေမယ့် “Trainspotting” ရုပ်ရှင် ဇာတ်ညွှန်း ဆရာ John Hodge က အခုရုပ်ရှင်အတွက် သီးခြားဇာတ်ညွှန်းကို ရေးနေပြီ လို့လည်း ဆိုပါတယ်။ အခုလိုမျိုး ရုပ်ရှင်အတွက် သီးခြားဇာတ်ညွှန်းနှစ်ခုသတင်းကို Danny ကအတည်ပြုခဲ့တာလည်း ဖြစ်ပါတယ်။ အခုနှစ်ကုန်ပိုင်းလောက် မှာ ထုတ်လုပ်ရေးလုပ်ငန်းတွေ စတင်မယ့် အခုရုပ်ရှင်ကို အမေရိကန်ပြည်ထောင်စုမှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၈ ရက်မှာ ပြသနိုင်ဖို့ ပြင်ဆင်ထားပါတယ်။
Ref: aceshowbiz