MRTV 4 တွင်ပြသခဲ့တဲ့ “9” ဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်တဦးဖြစ်တဲ့ သာထက်ဉာဏ်ဇော် ရဲ့ မိခင်ညီဖြစ်သူတို့ဟာ မန္တလေးမှအပြန် နေပြည်တော်နား မှာ ဖြစ်ပွားခဲ့တဲ့ ကားအက်စီဒင့်ကြောင့် ဖြင့် ဧပြီ ၁၇ရက် နေ့ မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
“ချစ်ရသော မေမေနဲ့ တဦးတည်းသော သားငယ်လေး ခဏလေးခွဲမယ်နော်။ မျက်စိရှေ့ကြီးမှာဆိုတော့ ပြောမပြတတ် အောင် ခံစားရတယ်။ မေမေနဲ့ သားငယ်လေး Accident ဖြစ်ပြီးလို့ မေမေနဲ့သားငယ်လေးကို သားရှာတွေ့တွေ့ချင်း သရဏဂုံတွေကို နားနားမှာ ကပ်ပြီး အသေအချာ ရွတ်ဖတ်ပေးတာ မေမေနဲ့ ညီလေးကြားမယ်လို့ ထင်ပါတယ်” လို့ သာထက်ဉာဏ်ဇော်က သူ့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားပါတယ်။
သရုပ်ဆောင်သာထက်ဉာဏ်ဇော် မိသားစုဟာ သင်္ကြန်တွင်းမှာ မန္တလေးသို့သွားရောက်ခဲ့ကာ သင်္ကြန်အပြီး ရန်ကုန်သို့ ပြန်လာရာလမ်းတွင် ကားအက်စီဒင့်ဖြစ်ပွားခဲ့ပြီး အမေဖြစ်သူနဲ့ ညီဖြစ်သူကို ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။ သရုပ်ဆောင် သာထက်ဉာဏ်ဇော်ကတော့ လက်ရှိအချိန်မှာ ဆေးရုံပေါ်သို့ ရောက်ရှိနေပြီး စိုးရိမ်ဖွယ်ရာ အခြေအနေမရှိဘူးလို့ သိရပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဒါရိုက်တာမောင်သီက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် “ စိတ်မကောင်းပါဘူး အမနဲ့ သားငယ်ရေ ပြုခဲ့ဖူးတဲ့ ကုသိုလ်ကောင်းမှုအဟုန်ကြောင့် မြင့်မြ တ်ရာ ဘုံဘဝရောက်ပါစေ ။နောက်ဘဝတွေ ဒီလိုအဖြစ်ဆိုးမျိုးနဲ့ ဝေးပါစေလို့ ဆုတောင်းပေးပါတယ်။” လို့ ရေးသားထားပါတယ်။
သာထက်ဉာဏ်ဇော်ကတော့ MRTV 4 မှာပြသခဲ့တဲ့ “9” ရုပ်သံဇာတ်လမ်းတွဲတွင်” တိုးတက်” ဆိုတဲ့ အမည်ရှိ ဇာတ် ကောင် နေရာမှာ ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်အားပေးလက်ခံမှုကို ရရှိနေတဲ့ မျက်နှာသစ်သရုပ်ဆောင် တဦးလည်း ဖြစ်ပါတယ်။