ဒီတခါမှာတော့ IMDB Rating (6.7) ရရှိထားပြီး ဒါရိုက်တာ Francis Lawrence ရိုက်ကူးထားတဲ့ “Red Sparrow” ဆိုတဲ့ ဇာတ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီဇာတ်ကားရဲ့ အဓိဇာတ်ကောင်အဖြစ် မင်းသမီး Jennifer Lawrence သရုပ်ဆောင် ထားပြီး Joel Edgerton, Jeremy Irons နဲ့ Mathias Schoenaerts အစရှိတဲ့ ဝါရင့်သရုပ်ဆောင်တွေလည်း ပါဝင်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ နာမည်ကျော်ကြား ထင်ရှားလှတဲ့ ဘဲလေး ကချေသည် ဒိုမီနီကာ ဆိုတဲ့ အမျိုးသမီးလေးဟာ မတော်တဆမှု တခုကြောင့် ဘဲလေးကချေသည်ဘဝကို စွန့်လွှတ်လိုက်ရပါတယ်။ ကဇာတ်ရုံက ထောက်ပံ့ပေးထားတဲ့ တိုက်ခန်းမှာ နာတာရှည်ရောဂါသည် မိခင်ကြီးနဲ့အတူ နေထိုင်ခဲ့ရာကနေ ဘဲလေး ကချေသည်ဘဝ ပျက်စီးခဲ့ရပြီး ကဇာတ်ရုံ ဘက်ကလည်း ဒိုမီနီကာအစား တခြား ကချေသည်တယောက်ကို အစားထိုးလိုက်တဲ့အတွက် ဦးလေးဖြစ်သူ အကြံပေးတဲ့အတိုင်း လျှို့ဝှက်ထောက်လှမ်းရေး အေဂျင်စီတခုမှာ ဝင်ရောက်လုပ်ကိုင်ခဲ့ရပါတော့တယ်။
ရှုပ်ထွေးပြီး အန္တရာယ်များလှတဲ့ အစိုးရသူလျှို လောကကို ကြည့်ရှုခံစားရမှာ ဖြစ်ပြီး နိုင်ငံအတွက် ပေးဆပ်ရမယ်ဆိုတဲ့ စကားတခွန်း နောက်ကွယ်က အမျိုးသမီးသူလျှိုတွေရဲ့ အနစ်နာခံ စတေးရမှုတွေ၊ အမျိုးသမီး သူလျှိုတွေကို လေ့ကျင့်ပေးတဲ့ အစိုးရသင်တန်းကျောင်းက ရက်စက်မှုတွေကို ဒီဇာတ်ကားမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
မထင်မှတ်ထားတဲ့ ဘဝအလှည့်အပြောင်းကြားကနေ ဒိုမီနီကာတယောက် ဘယ်လိုတွေ ကြိုးစားရုန်းကန်ဦးမလဲ ဆိုတာရယ်နဲ့ သူ့နိုင်ငံအတွက် ယုံကြည်ပြီး ထောက်လှမ်းခဲ့တဲ့ အစီအစဉ်တွေဟာ အမှားတွေသာဖြစ်ကြောင်း သူမ သိလိုက်ရတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဒီဇာတ်ကားကို ဆက်လက်ကြည့်ရှုဖို့ တိုက်တွန်းချင်ပါတယ်။
ဒီရုပ်ရှင်ဟာ မြန်မာနိုင်ငံမှာ ရုံတင်ခဲ့စဉ်တုန်းက ဆင်ဆာဖြတ်တဲ့အခန်းတွေများခဲ့တာကြောင့် ကြည့်ရှုသူတွေ အဆက်အစပ် မရှိသလို ဖြစ်ခဲ့ရပါတယ်။ မင်းသမီး Jennifer Lawrence ရဲ့ Nude Scence တွေ ပါဝင်ပေမယ့် အမျိုးသမီးသူလျှိုတွေရဲ့ တကယ့်အပြင်မှာ လုပ်ကိုင်နေရတဲ့ ဘဝကို ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။
တခြားသော စပိုင်ဇာတ်ကားတွေလို အက်ရှင်အသားပေး ဇာတ်ကားမဟုတ်ဘဲ ပညာသားပါလှတဲ့ လှည့်ကွက်တွေနဲ့ ဇာတ်လမ်းအစကနေ အဆုံးအထိ စိတ်ဝင်တစား ကြည့်ရှုရမှာ ဖြစ်တာကြောင့် ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ညွှန်းဆို ပေးလိုက်ပါတယ်။