Entertainment

“မုန်းလို့ရရင် မုန်းချင်တယ်” ရုပ်ရှင်ကားကြီးမှာ ဇာတ်ဝင်သီချင်းသီဆိုထားတဲ့ နေတိုး

မကြာခင်မှာ ရုံတင်ပြသတော့မယ့် “မုန်းလို့ရရင် မုန်းချင်တယ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ အကယ်ဒမီနေတိုးက “ရုပ်ကြွင်းမဲ့အခန်း”ဆိုတဲ့ ဇာတ်ဝင်သီချင်းတပုဒ်ကို သီဆိုထားတယ်လို့ သိရပါတယ်။

“ဒီကားထဲမှာ ကျနော် “ရုပ်ကြွင်းမဲ့အခန်း” ဆိုတဲ့ သီချင်းကို ကျနော်ဆိုထားတယ်။ အောင်မြင့်မြတ်တို့ လည်း ဆိုထားတယ်။ ဒီသီချင်း ဗားရှင်းလေးက ၃၊ ၄မျိုးလောက်ရှိတယ်။ ဒီကားထဲမှာ သီချင်း ၆ပုဒ် ၇ပုဒ်လောက်ပါ တဲ့ထဲမှာ ကျနော်က ၁ပုဒ်ဆိုထားပါတယ် ” လို့နေတိုးက ပြောပါတယ်။

ဒီကားထဲမှာတော့ နေတိုးက တေးရေးဆရာ ညီခန့် ဆိုတဲ့ ဇာတ်ကောင်နေရာက သရုပ်ဆောင်ထားပြီး သူသရုပ်ဆောင် ရတဲ့ ကာရိုက်နဲ့ပတ်သက်ပြီး ၁၀၀ရာခိုင်နှုန်း အတွေ့အကြုံရှိတယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် နေတိုး / နေတိုး ဖေ့စ်ဘုတ်

“ရုပ်ရှင်နဲ့ ဂီတပေါင်းပြီးတော့ ရိုက်တဲ့ ဇာတ်ကားမျိုးဆို ကျနော် သဘောကျတယ်။ ဒီကားထဲက ကာရိုက်တာကိုလည်း သဘောကျတယ်။ သူ့နေထိုင်မှုပုံစံ သူ့ရဲ့ဘဝကိုလည်း ၁၀၀ရာခိုင်နှုန်းသရုပ်ဆောင်ဖို့အတွက် အတွေ့အကြုံလည်း ရှိ တယ် ” လို့နေတိုးကပြောပါတယ်။

“မုန်းလို့ရရင် မုန်းချင်တယ်” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကိုတော့ ဒါရိုက်တာအောင်ဇော်လင်းက ရိုက်ကူး ထားပြီး နေတိုး၊ မင်းဦး၊ သင်ဇာဝင့်ကျော် ၊ရတနာမိုင်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကာ ဧပြီလ ၂၇ရက်နေ့မှစတင်ကာ ရုံတင် ပြသသွားတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

နေတိုးကတော့ လတ်တလောတွင် ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ကူးနေတဲ့ “တိမ်ခိုမိုး” ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကြီးမှာ ရွှေမှုံရတီနှင့်အတူ တွဲဖက်ပြီး ပါဝင် သရုပ်ဆောင်ရိုက်ကူးနေပါတယ်။

Loading