နှစ်ပေါင်း ၂၀ နီးပါးအောင်မြင်မှုကို ထိန်းသိမ်းထားနိုင်တဲ့ မြန်မာပြည်ရဲ့ ထိပ်တန်းမင်းသမီးတလက်ဖြစ်တဲ့ အိန္ဒြာကျော်ဇင်ဟာ ယနေ့ ဧပြီလ ၂၄ရက်နေ့မှာ အသက် ၄၁ နှစ်ပြည့် သွားပြီ ဖြစ်ပါတယ်။
မင်းသမီး အိန္ဒြာကျော်ဇင်ရဲ့ အနုပညာ ခြေလှမ်းအစကတော့ ၁၉၉၈ ခုနှစ်မှာ Miss Kokkine ဆုကိုရရှိခဲ့ပြီး တနှစ်ထဲမှာပဲ Miss Christmas ဆုကို ရရှိခဲ့ကာ “ချစ်သောအယ်ဒီတာ”၊ “အနှိုင်းမဲ့”ဆိုတဲ့ မြဝတီရုပ်သံ ဇာတ်လမ်းတွဲများမှာ ပါဝင် သရုပ်ဆောင်ရင်း အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ခေါင်းဆောင်မင်းသမီးအဖြစ် ၁၉၉၉ ခုနှစ်မှာ သရုပ်ဆောင် မင်းမော်ကွန်းနဲ့ တွဲဖက်ပြီး “အဖြူရောင်အတ္တ”၊ “ကျနော် ကျမတို့သည်” ဇာတ်ကားများမှာ သရုပ်ဆောင်ခွင့် ရရှိခဲ့ပါတယ်။ အဲဒီခေတ် အခါက အိန္ဒြာကျော်ဇင်ဟာ မင်းသမီး ထက်ထက်မိုးဦး၊ နန္ဒလှိုင်တို့ထက် ဂျူနီယာကျတဲ့ မင်းသမီး တယောက်ဖြစ်ပေမယ့် ခေတ်ပြိုင်မင်းသမီးတယောက် ဖြစ်လာခဲ့ပါတယ်။
အိန္ဒြာကျော်ဇင်ရဲ့ အနုပညာကို ပိုမိုအောင်မြင်လာစေတဲ့ အချက်တခုကတော့ ၂၀၀၄ ခုနှစ်မှာ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ရိုက်ကူးတဲ့ “မျက်နှာများတဲ့ကောင်းကင်” ဇာတ်ကားနဲ့ ၂၀၀၅ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီပေးပွဲကြီးမှာ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ကို ရရှိခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာ အိန္ဒြာကျော်ဇင်ဟာ သူမရဲ့ခေတ်လို့ ပြောလို့ရလောက်အောင် သရုပ်ဆောင်ပိုင်းတင် မကဘဲ ဖက်ရှင်နဲ့ ပတ်သက်ပြီးတော့လည်း သူမရဲ့တခေတ် ဖြစ်တဲ့အထိအောင်မြင်ခဲ့ပါတယ်။
၂၀၁၁ ခုနှစ်မှာ သရုပ်ဆောင် ပြေတီဦးနဲ့ လက်ထပ်ခဲ့ပြီး သူတို့ နှစ်ဦးရဲ့ မင်္ဂလာပွဲဟာလည်း ကြီးကျယ်ခမ်းနားပြီး လူစိတ်ဝင်စားခံရဆုံး မင်္ဂလာပွဲတခုဖြစ်ခဲ့ပါတယ်။ ယခုလက်ရှိမှာတော့ ပြေတီဦးနဲ့သူမတို့မှာ “ပြေသုဒြာနဲ့ ပြေဓီရ” ဆိုတဲ့ သားနဲ့ သမီး၂ဦးကို ပိုင်ဆိုင်ထားပါတယ်။
သူမဟာ သမီးဖြစ်သူ “ပြေသုဒြာ” ကိုမွေးဖွားပြီးစဉ်အချိန်က ကားရိုက်များနည်းပါးသွားခဲ့ပြီး သားဖြစ်သူ “ပြေဓီရ” ကို မွေးဖွားပြီးစဉ်အချိန်မှာတော့ အနုပညာအလုပ်များနဲ့ ခေတ္တအလှမ်းဝေးသွားခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ ၂၀၁၆ ခုနှစ်မှာလည်း သူမနဲ့ ခင်ပွန်းဖြစ်သူ ပြေတီဦးတို့ရဲ့ “သုဒြာ ရုပ်ရှင်ထုတ်လုပ်ရေး” မှ “Reflection” ဆိုတဲ့ မင်းသား မပါဘဲ မင်းသမီး ၄ လက်ဖြင့် ရိုက်ကူးပုံဖော်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခဲ့ပါတယ်။
မကြာသေးမီက ကျင်းပခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာတော့ သူမရဲ့ဒုတိယမြောက် အကယ်ဒမီရွှေစင်ဆုကို “ရင်ဘတ်ထဲကဓား” ရုပ်ရှင်ဇာတ်ကားနဲ့ ပထမဆုံး အကယ်ဒမီရပြီး ၁၃ နှစ်အကြာမှာ ထပ်မံ ရရှိခဲ့ပါတယ်။ အဆိုပါ သူမရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ဒါရိုက်တာလူမင်းရိုက်ကူးပုံဖော်ထားတဲ့ “Reflection” ရုပ်ရှင်ကားကြီးကို ဧပြီလ ၁၇ ရက်နေ့က စတင်ပြသခဲ့ပြီး ဝေဖန်မှုများစွာ ရှိခဲ့ပါတယ်။
သူမ ပါဝင်သရုပ်ဆောင်ထားပြီး ရုပ်ရှင်ပိတ်ကားပေါ် မရောက်ရှိသေးတဲ့ ကားများစွာလည်း ကျန်ရှိနေပါသေးတယ်။ အိန္ဒြာကျော်ဇင်ဟာ လက်ရှိအချိန်မှာ ပျော်ရွှင်တဲ့ မိသားစုတခုကို ပိုင်ဆိုင်ထားကာ ပရိသတ်များကလည်း ယခု အချိန်ထိ သည်းသည်းလှုပ် အားပေးနေဆဲ မြန်မာပြည်ရဲ့ အောင်မြင်နေဆဲ ထိပ်တန်းမင်းသမီး တလက်ဖြစ်ပါတယ်။