ဟောလိဝုဒ်မင်းသမီး Scarlett Johansson ဟာ ချစ်သူသက်တမ်း တနှစ်နီးပါးလောက်ရှိနေပြီ ဖြစ်တဲ့ ချစ်သူ Colin Jost ကို နောက်ဆုံးမှာတော့ ပွဲထုတ်လိုက်ပြီ ဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ်မင်းသမီး Scarlett နဲ့ အသက် ၃၅ နှစ်အရွယ် ဟာသသရုပ်ဆောင် Colin တို့ဟာ ဧပြီ ၂၃ ရက် လော့စ်အင်ဂျလိစ်မြို့၊ ဟောလိဝုဒ်မှာ ပြုလုပ်ခဲ့တဲ့ “Avengers: Infinity War” ရုပ်ရှင်အထူးပွဲ ကောဇောနီလမ်းမထက်မှာ အခုမျိုး စုံတွဲ အနေအထားတို့ကို မြင်တွေ့ခဲ့ ကြရတာပဲ ဖြစ်ပါတယ်။
နောက်ဆုံးထွက်ရှိလာမယ့် Avengers ရုပ်ရှင်မှာ Black Widow အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသမီး Scarlett က အနက်ရောင်ခါးပတ်ပါရှိတဲ့ လည်ပြတ်ငွေရောင် တဆက်တည်းဝတ်စုံနဲ့ တောက်ပနေခဲ့ပြီး “Saturday Night Live” စတား Colin ကတော့ အနက်ရောင် အနောက်တိုင်းဝတ်စုံနဲ့ ခန့်ညားနေခဲ့ပါတယ်။
သူတို့နှစ်ဦးဟာ ခရမ်းရောင်သန်းနေ တဲ့ ကော်ဇောနီထက်မှာ အတူ လက်ချင်းချိတ် ဓါတ်ပုံ အရိုက်ခံခဲ့ကြပြီး တဦးကို တဦး ချိုသာတဲ့အကြည့်တွေနဲ့ ငေးမောနေခဲ့ကြပါတယ်။ Entertainment Tonight နဲ့ စကားပြောဆိုရာ မှာတော့ မင်းသမီး Scarlett က အဲဒီညမှာ သူ့ချစ်သူက သူ့ဘေးမှာရှိနေတဲ့အတွက် စိတ်လှုပ်ရှားခဲ့ရတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ သူက “အဆင်ပြေခဲ့ပါတယ်၊ မဆိုးပါဘူး၊ တော်တော်လေးကို ရယ်မောခဲ့ရပြီး ပျော်ခဲ့ရပါတယ်၊ ချစ်သူနဲ့ ဒီအတွေ့အကြုံကို ဝေမျှဖို့ စိတ်လှုပ်ရှားနေပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဒီရုပ်ရှင်ကို ကြည့်ဖို့ ကျမလည်း စိတ်လှုပ်ရှားနေပါတယ်၊ အရင်က ကျမ မကြည့်ထားပါဘူး” လို့ ပြောကြားခဲ့ပါတယ်။
Scarlett နဲ့ Colin တို့ဟာ ၂၀၁၇ ခုနှစ် မေလအတွင်းမှာ ပြုလုပ်ခဲ့တဲ့ “Saturday Night Live” အစီအစဉ် နောက်ဆုံး Season ပွဲပြီး ပါတီမှာ အတူတွဲတွေ့ခဲ့ရပြီးတဲ့နောက် ပထမဆုံးကောလာဟလတွေ ပျံ့နှံ့လာခဲ့ ပါတယ်။ သူတို့ရဲ့ အချစ် ရေးကို သီးသန့်အနေနဲ့ လျို့ဝှက်ထားပေမယ့် သူတို့နှစ်ဦးရဲ့ မိဘတွေကို တွေ့ပြီးတဲ့အထိ တကယ့်ကိုပဲ အတည်အတန့် ဖြစ်နေကြပြီလို့ သတင်းတွေမှာဆိုပါတယ်။
East Hampton မှာရှိတဲ့ အိမ်မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂ဝ မှာကျရောက်ခဲ့တဲ့ Scarlett ရဲ့ အသက် ၃၃ နှစ်ပြည့်မွေးနေ့ ကို နှစ်ဦးသား ချစ်ငွေ့လွှမ်းတဲ့ ညစာအတူသုံးဆောင်ခဲ့ကြတယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ၊ နယူးယောက်မြို့ မှာရှိတဲ့ အမေရိကန်သဘာဝသမိုင်းပြတိုက်ကို သူတို့နှစ်ဦး ပထမဆုံးအကြိမ် လူသိရှင်ကြား တက်ရောက်ခဲ့ ကြပေမယ့် ကော်ဇောနီထက်ကိုတော့ သီးခြားစီတက်ရောက်ခဲ့ကြပါတယ်။
“Lucy” ရုပ်ရှင်မင်းသမီး Scarlett ဟာ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ မင်းသား Ryan Reynolds နဲ့ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ သူ့မှာ ၂၀၁၄ ခုနှစ်မှာလက်ထပ်ခဲ့ပြီး ၂၀၁၆ ခုနှစ် နှစ်လယ်ပိုင်းမှာ လမ်းခွဲခဲ့ကြတဲ့ ပြင်သစ်စီးပွားရေး လုပ်ငန်း ရှင် Romain Dauriac နဲ့ ရရှိထားတဲ့ Rose Dorothy Dauriac အမည်ရှိတဲ့ သမီးတဦးလည်း ရှိပါတယ်။ သူတို့နှစ်ဦးရဲ့ ကွာရှင်းမှုကို ၂၀၁၇ ခုနှစ် စက်တင်ဘာလမှ အဆုံးသတ်နိုင်ခဲ့ပါတယ်။
aceshowbiz