ရုပ်ရှင်တခုမှာ သရုပ်ဆောင်ကြတဲ့ မင်းသားနဲ့ မင်းသမီးတို့ကြားက အနုပညာကြေးကွာဟမှုဟာ အနုပညာ လုပ်ငန်းမှာ ပြဿနာကြီး တရပ်သဖွယ် ဖြစ်လာခဲ့ပြီး အခုဘောလိဝုဒ်မင်းသမီး Deepika Padukone ကတော့ အမျိုးသားများထက် အနုပညာကြေး နည်းပါးစွာ ရရှိတာကို အမျိုးသမီးတွေအနေနဲ့ သည်းမခံသင့်တော့ဘဲ ထိုက်သင့်တာကို တောင်းဆို သင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။
ဧပြီလ ၂၄ ရက်နေ့ ညပိုင်းက ပြုလုပ်ခဲ့တဲ့ “Time 100 Gala” ပွဲကို တက်ရောက်ခဲ့သူ မင်းသမီး Deepika ကတော့ အမျိုးသမီးတွေအနေနဲ့ အနုပညာကြေး ပိုတောင်းတဲ့ နေရာမှာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိဖို့ လိုတဲ့အကြောင်း TIME မဂ္ဂဇင်းကို ပြောဆိုခဲ့ပါတယ်။
နာမည်ကျော် ဘောလိဝုဒ်ရုပ်ရှင်တွေဖြစ်တဲ့ “Padmaavat” နဲ့ “Piku” တို့အပြင် ဟောလိဝုဒ်ရုပ်ရှင် “xXx: Return of Xander Cage” မှာ သရုပ်ဆောင်ထားတဲ့ မင်းသမီး Deepika က အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့ တန်ကြေးနဲ့ ပတ်သက်လို့ မေးခွန်းထုတ်ခံရသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့် အခုမှ အပြောင်းအလဲ အချိန်အခါ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။
သူက “ကျမ ရပ်တည်နေတဲ့ စည်းမျဉ်းကနေပဲ ခံစားကြည့်မယ်ဆိုရင် ကျမနဲ့ ထိုက်တန်ရဲ့လား၊ ဒါပေမယ့် ကိုယ်နဲ့ ထိုက်တန်တယ်လို့ ယုံကြည်ရင်တော့ လုပ်ပေါ့၊ နှစ်ပေါင်းများစွာကြာ ကျမတို့ဟာ ငွေကြေး နည်းနည်းလောက်ပဲ ရတာကို အဆင်ပြေသင့်တယ်လို့ ခံစားခဲ့ကြရတယ်။ တခါတလေလည်း နောက်မှ ပိုပေးမယ်ဆိုပြီး ကတိပေး ခံခဲ့ကြရတယ်” လို့ ဆိုပါတယ်။
သူက ဆက်ပြီး “ဒါပေမယ့် ကိုယ်နဲ့ ထိုက်တန်တယ်လို့ ကိုယ်ထင်တဲ့အရာကို ရသင့်တယ်လို့ ကျမ ထင်တယ်၊ အဲဒီအတွက် ရင်ဆိုင်တိုက်ခိုက်ကြဖို့ အချိန်ရောက်ပါပြီ။ ကနဦးမှာတော့ အဆင်မပြေမှုကို ခံစားရနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒါကို ကျမတို့က အချိန်အတော်ကြာကြီး ခံစားခဲ့ရလို့ပါ” လို့ ပြောဆိုခဲ့ပါတယ်။
အသက် ၃၂ နှဏ်အရွယ် မင်းသမီးဟာ “2018 TIME 100” စာရင်းမှာ ကမ္ဘာ့လွှမ်းမိုးနိုင်မှုအရှိဆုံး လူပုဂ္ဂိုလ် တယောက် အနေနဲ့ ဖော်ပြခံထားရသူလည်း ဖြစ်ပါတယ်။ မင်းသား Vin Diesel နဲ့ အတူ “xXx” ရုပ်ရှင်မှာ သရုပ်ဆောင်ခဲ့ပြီးနောက် TIME မဂ္ဂဇင်းမှာ ကမ္ဘာသိ စတားတယောက် အနေနဲ့ ဖော်ပြခံခဲ့ရခြင်းလည်း ဖြစ်ပါတယ်။
Ref; ptinews