ဟောလိဝုဒ် ရုပ်ရှင်လောကရဲ့ နာမည်ကျော်ထုတ်လုပ်သူ တယောက်ဖြစ်တဲ့ Harvey Weinstein ရဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် စော်ကားမှုအရှုပ်တော်ပုံ ပေါ်ပေါက်လာခဲ့ပြီးတဲ့နောက် သူ့ကိုလူတွေက တခဏလေးတောင် အနားမပေး သေးပါဘူး။
အကြောင်းကတော့ Annapurna Pictures နဲ့ Plan B အင်တာတိန်းမန့်တို့က ပြီးခဲ့တဲ့ ဆောင်းဦးရာသီမှာ စတင်ပေါ် ပေါက်လာခဲ့တဲ့ Harvey Weinstein ရဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုအရှုပ်တော်ပုံ နောက်ကွယ်က ဖြစ်ရပ် တွေကို ရုပ်ရှင်အဖြစ် ရိုက်ကူးဖို့ မူပိုင်ခွင့်ရရှိဖို့ ပူးပေါင်းလိုက်ကြတဲ့အကြောင်း Deadline မီဒီယာမှာ ဖော်ပြပါတယ်။ အဲဒီ စတူဒီယို နှစ်ခုဟာ “Spotlight” ပုံစံတူ ရုပ်ရှင်တခုအဖြစ် အဲဒီဇာတ်လမ်းကို အသက်သွင်းကြမှာဖြစ်ပါတယ်။
နယူးယောက်တိုင်းမ် သတင်းထောက်တွေဖြစ်တဲ့ Jodi Kantor နဲ့ Megan Twohey တို့က Harvey Weinstein အတွက် တရားမျှတမှုကို ဆောင်ကျဉ်းဖို့ အလုပ်အတူတွဲလုပ်ခဲ့ကြပါတယ်။ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၅ ရက်မှာ ထုတ်ဝေခဲ့တဲ့ ဆောင်းပါးထဲမှာ လွန်ခဲ့တဲ့ဆယ်စုနှစ် အနည်းငယ်အတွင်း ရုပ်ရှင်ထုတ်လုပ်ရေးမှူး Weinstein ကို စွပ်စွဲမှုများစွာ ရှိထား တဲ့အကြောင်း အသေးစိတ် ဖော်ပြရေးသားထားပါတယ်။ Weinstein က သူလုပ်ဆောင်ခဲ့ခြင်းမရှိပါဘူးလို့ ငြင်းဆို နေတဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေကို ဖုံးကွယ်ဖြစ်ဖို့ သုံးခဲ့ရတဲ့ ငွေကြေးပမာဏကိုလည်း အဲဒီဆောင်းပါးထဲ မှာ ဖော်ပြ ထား ပါတယ်။
အဲဒီသတင်းထွက်ပေါ်လာပြီးတဲ့နောက်မှာတော့ Weinstein ရဲ့ လိင်ပိုင်းဆိုင်ရာအရှုပ်တော်ပုံဟာ လူပြောများ ရတဲ့ ကိစ္စ ရပ်တခု ဖြစ်လာခဲ့ပါတယ်။ သူ့ကို Academy of Motion Pictures Arts and Sciences လို့ခေါ်တဲ့ ရုပ်ရှင်အနုပညာနှင့် သိပ္ပံအကယ်ဒမီ အဖွဲ့ကြီးကနေလည်း ဖယ်ရှားလိုက်ပါတယ်။ ဒါ့အပြင် TWC ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်တွေကလည်း သူ့ကို အလုပ်ထုတ်ပစ်ဖို့ သဘောတူခဲ့ကြပါတယ်။ တချိန်တုန်းက ရွှေထီးဆောင်းခဲ့တဲ့ ကုမ္ပဏီကြီးဟာလည်း ဒေဝါလီ ခံလိုက်ရတဲ့အခြေအနေဖြစ်သွားပါတယ်။ လက်ရှိမှာတော့ Weinstein ကို နယူးယောက်၊ လော့စ်အင်ဂျလိစ်နဲ့ ယူကေနိုင်ငံ တို့မှာရှိတဲ့ ဥပဒေအင်အားစုတွေက စုံစမ်းစစ်ဆေးလျက် ရှိပါတယ်။
သတင်းထောက် Kantor နဲ့ Twohey တို့ရဲ့ ဆောင်းပါးဟာလည်း ဆယ်စုနှစ်များစွာအတွင်း ဟောလိဝုဒ်ကို လှုပ်ခတ်စေ ခဲ့တဲ့ အကြီးမားဆုံး အရှုပ်တော်ပုံအကြောင်း သူတို့ရဲ့ အသေးစိတ် ဖော်ပြချက်တွေအတွက် ပူလစ်ဇာ ဆုကို ရရှိ စေခဲ့ပါ တယ်။ Deadline မီဒီယာရဲ့ အဆိုအရ ရိုက်ကူးဖို့ စီစဉ်နေတဲ့ အဲဒီ့ရုပ်ရှင်ဟာ Weinstein နဲ့ သူ့ရဲ့ အရှုပ်တော်ပုံ အကြောင်း ကို အဓိက ထားရိုက်ကူးမှာမဟုတ်ဘဲ အဲဒီ ရုပ်ရှင်ထုတ်လုပ်ရေးမှူးကို စတင်စွပ်စွဲခဲ့တဲ့ အမျိုးသမီနှစ်ဦး အကြောင်း ဇာတ်အိမ်တည်မှာ ဖြစ်ပါတယ်။ #MeToo လှုပ်ရှားမှုကို အသားပေးဖော်ပြမှာဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကား ခံရမှုတွေအကြောင်း ပွင့်လင်းစွာပြောကြားဖို့ အမျိုးသမီးတွေကိုလည်း တွန်းအားပေးနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
မင်းသား Brad Pitt ဦးဆောင်နေတဲ့ Plan B အင်တာတိန်းမန့်နဲ့ ပရိုဂျူဆာ Megan Ellison ရဲ့ မီဒီယာကုမ္ပဏီ Annapurna Pictures တို့က ရုပ်ရှင်ဇာတ်ညွှန်းရေးဆရာနဲ့ ဒါရိုက်တာကို အခုထိ မကြေညာသေးပေမယ့် ရိုက်ကူးခွင့်ကို ရရှိထားပြီလို့သာ ဆိုထားပါတယ်။ ၂၀၁၇ ခုနှစ်မှာ Plan B အင်တာတိန်းမန့်ဟာ “Brad’s Status” နဲ့ “The Lost City of Z” တို့လိုမျိုး ရုပ်ရှင်တွေကို ရိုက်ကူးခဲ့ပါတယ်။ Annapurna Pictures ကတော့ “The Bad Batch” ၊ “ “Detroit” ၊ “ Professor Marston & The Wonder Women” နဲ့ “Phantom Thread” တို့ကို တနှစ်တည်းမှာပဲ ဖြန့်ချီခဲ့ပါတယ်။ ကုမ္ပဏီရဲ့ “Sorry to Bother You” ရုပ်ရှင်ကို လာမယ့် ဇူလိုင် ၆ ရက်မှာ ရုံတင်ပြသမှာပဲ ဖြစ်ပါတယ်။
aceshowbiz