တေးသီချင်း သီဆိုမှုအပိုင်း ၊ သရုပ်ဆောင်မှုအပိုင်းမှာရော ပရိသတ်ရဲ့အားပေးမှုကို နှစ်ပေါင်းများစွာတိုင် အခိုင်အမာ ရရှိထားတဲ့ မခိုင်ကြီးလို့ ချစ်စနိုးခေါ်ဝေါ်ကြတဲ့ ထွန်းအိန္ဒြာဗိုကတော့ မကြာသေးမီက ရုံတင်ပြသခဲ့တဲ့ “Reflection” ရုပ်ရှင်ဇာတ်ကားမှာ လိင်တူချင်းစိတ်ဝင်စားတဲ့ မေနက္ခတ်ဆိုတဲ့ အမျိုးသမီး တယောက် နေရာတွင် ထူးခြားစွာဖြင့် သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။
ဒီဇာတ်ရုပ်နဲ့ ပတ်သက်ပြီး ပရိသတ်ကလည်း အားပေးမှုများရှိခဲ့တဲ့အတွက် ထွန်းအိန္ဒြာဗိုကို မေနက္ခတ်ရဲ့ ဇာတ်ရုပ်အကြောင်းနှင့် လူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦးရဲ့ ဒုတိယမြောက်ရုပ်ရှင်ကားမှာ ပါဝင်ရိုက်ကူးသွားမယ့် ရုပ်ရှင်ဇာတ်ကား အကြောင်းကို ဧရာဝတီ သတင်းထောက် ယုဖြူဟန်က မေးမြန်းထားပါတယ်။
မေး ။ ။ Reflection ရုပ်ရှင်ဇာတ်ကားထဲမှာ Lesbian တယောက်အနေနဲ့ သရုပ်ဆောင်ထားတာကိုတွေ့ရတယ်။ Lesbian ဇာတ်ရုပ်နဲ့ပတ်သက်ပြီး ဘယ်လိုမျိုးလေ့လာဖြစ်ခဲ့လဲ။
ဖြေ။ ။Reflection ကားထဲမှာ သရုပ်ဆောင်တာက ကျမဆီဇာတ်ညွှန်းရောက်တဲ့အချိန်မှာ Lesbian အခန်းက အရမ်း မများဘူး။ သူ့ကိုပဲအသားပေးပြီး ဇာတ်အိမ်ဖွဲ့ထားတာ မဟုတ်တဲ့အတွက်ကြောင့် သေချာကြီး အချိန်ပေး ပြီးလေ့လာ ခဲ့တာ မရှိပါဘူး။ ကျမပတ်ဝန်းကျင်မှာ မြင်ဖူးတွေ့ဖူးတာနဲ့ပဲ သရုပ်ဆောင်သွားခဲ့တာပါ။
မေး။ ။ အဲဒီထဲမှာ မခိုင်ကြီးရဲ့ အကြည့်နဲ့ပတ်သက်ပြီး ပရိသတ်က သတိထားမိကြ၊ ကြိုက်ကြတယ်။ အဲဒီအပေါ်မှာ ရော ဘယ်လိုပြောချင်လဲ။
ဖြေ။ ။Lesbian တယောက်ကိုကြည့်တဲ့အကြည့်ထက် ကိုယ်ချစ်တဲ့သူတယောက်ကို ကြည့်တဲ့အကြည့်ပဲပေါ့နော်။ Lesbian ပဲဖြစ်ဖြစ် Gay ပဲဖြစ်ဖြစ် Tom Boy လည်းဖြစ်ချင်ဖြစ်မယ်။ လူသားတယောက်က သူချစ်တဲ့သူတယောက်ကို ကြည့်တဲ့အကြည့်မျိုးပဲ Mood သွင်းတာပါ။ ကြည့်တဲ့သူတယောက်အနေနဲ့ကတော့ သိပ်တပ်မက်ပြီး ချစ်တဲ့သူ တယောက်ကို ကြည့်တဲ့အကြည့်ပဲ ဖြစ်ရမှာပေါ့။ အဲဒီလို အခြေခံသဘောနဲ့ပဲသွားပါတယ်။
မေး။ ။ဒီဇာတ်ကားကို အခုဆိုရင် ပရိသတ်တွေဆီက ဝေဖန်မှုတွေရော အားပေးမှုတွေရော အဆက်မပြတ်ကြား နေရတယ်။ အမအနေနဲ့ရော ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတဲ့အတွက် သုံးသပ်ပေးပါဦး။
ဖြေ။ ။ဇာတ်လမ်းကတော့ ကျမလုပ်ခွင့်ရတဲ့ဇာတ်လို့ ပြောလို့ရပါတယ်။ ကျေနပ်ပါတယ်။ ဒီဇာတ်ကားနဲ့ အားနည်းချက် အားသာချက်ကိုတော့ ကျမမသုံးသပ်တတ်ဘူး။ ကျမတယောက်တည်းရဲ့ သရုပ်ဆောင်မှုတွေမှာတော့ လိုတာတွေ ရှိပါတယ်။ကိုယ့်ဘာသာပြန်ကြည့်တော့ လိုတာတွေလည်းရှိပါတယ်။ နောက်ပြီးတော့ မိတ်ကပ်တော်တော် အားနည်း ပါတယ်။
မေး။ ။နောက်ပြီး လူငယ်ဒါရိုက်တာထူးပိုင်ဇော်ဦးနဲ့ ရုပ်ရှင်ရိုက်ဖို့ရှိတယ်လို့လည်း သိရတယ်။ အဲဒါနဲ့ ပတ်သက်ပြီး တော့ ပြောပြပေးပါဦး။
ဖြေ။ ။ဇွန်လထဲမှာ ထူးပိုင်ဇော်ဦးနဲ့ ရိုက်ဖို့အတွက် တလလုံး ရိုက်ရက်ပေးထားပါတယ်။ ကား တကားကို အချိန်ကြာကြာသေချာ လုပ်ကြတာကို ကျမကြိုဆိုပါတယ်။ ကြိုက်လည်းကြိုက်ပါတယ်။ အရမ်းလည်းစနစ်ကျပါတယ်။ Scene ပေါ်မှာပြောရမှစကားတွေကအစ လွန်ခဲ့တဲ့ ၃လလောက်ကတည်းက အကုန် ရောက်ပြီးသားဆိုတော့ ပြင်ဆင်မှုအရမ်းအားကောင်းပါတယ်။ အဲဒီလိုကလေးတွေနဲ့ ရိုက်ခွင့်ရတာ အရမ်းဝမ်းသာပါတယ်။
မေး။ ။ဝါရင့်သရုပ်ဆောင်တယောက်အနေနဲ့ လူငယ်ဒါရိုက်တာတယောက်ကို ဘယ်လိုယုံကြည်ချက်ကြောင့် လက်ခံဖြစ်ခဲ့တာလဲ။
ဖြေ။ ။ကျမ “ည” ဆိုတဲ့ကားကိုကြည့်ပါတယ်။ တော်တော်ကို အပြစ်ရှာလို့မရတဲ့ကားလို့ ပြောရမှာပေါ့နော်။ အဲဒီထဲမှာ ဇာတ်လမ်းကလည်း သူ့ရဲ့ကိုယ်ပိုင်ဇာတ်လမ်းပဲ။ ဇာတ်လမ်းလည်းကောင်းတယ်။ ဇာတ်ညွှန်းလည်းကောင်းတယ်။ Editing လည်းကောင်းတယ်။ Lighting တွေလည်းကောင်းတယ်။ သရုပ်ဆောင်တွေကလည်း အသစ်တွေဆိုပေမယ့် သူတို့သေချာ Train ထားတာ အသစ်တွေလို့တောင် မထင်ရအောင်ကောင်းတယ်။ မိတ်ကပ်တွေ အဝတ်အစား တွေကပါ အရမ်းလိုက်ဖက်တယ်။ ကျမချီးကျူးပါတယ်။ ဒီလိုဒါရိုက်တာမျိုးမှ လက်မခံရင် ဘယ်လိုဒါရိုက်တာမျိုးကို လက်ခံမလဲလို့ ကိုယ့်ကိုယ်ကိုယ်မေးရမှာပါ။
မေး။ ။အဲဒီထဲမှာရော ဘယ်လိုဇာတ်ကောင်နေရာက ပါဝင်သွားမှာလဲ။
ဖြေ။ ။အိမ်ထောင်ရှင်အမျိုးသမီးတယောက်ပါပဲ။
မေး။ ။ ဒီကားရိုက်ဖို့အတွက်ကို ဘယ်လိုမျိုးရင်ခုန်မှုဖြစ်မိလဲ။
ဖြေ။ ။ကျမတို့က ကားတကားကို ရင်ခုန်တယ်ဆိုတာ ဇာတ်ကိုကြိုက်လို့ရှိရင် ရင်ခုန်တာပါ။ ကျမဒီဇာတ်ကို အလွန်ကြိုက်ပါတယ်။ လုပ်ရတဲ့နေရာလည်းကောင်းပါတယ်။
မေး။ ။ဒီထဲမှာက အသစ်တွေလည်းပါဝင်သွားမှာဆိုတော့ ဘယ်လိုမျိုးပံ့ပိုးမှုတွေ လုပ်ပေးသွားဖို့ရှိမလဲ။
ဖြေ။ ။ကျမပံ့ပိုးဖို့လိုမလို နှစ်ပိုင်းရှိပါတယ်။ လိုချင်မှလိုမှာပါ။
မေး။ ။ရုပ်ရှင်ရိုက်ကူးမှုအနေနဲ့တော့ ဆက်တိုက်ရှိနေတယ်ဆိုတော့ သီချင်းဆိုတဲ့အပိုင်းမှာရော အမရဲ့ One Lady Show ကိုရော ဘယ်တော့လောက် အကာင်အထည်ဖော်သွားဖို့ရှိလဲ။
ဖြေ။ ။ ဒီနှစ်လည်း အကောင်အထည် မဖော်ဖြစ်နိုင်သေးပါဘူး။ သီချင်းသစ်တွေလည်း မလုပ်ဖြစ်သေးတော့ Show လုပ်ဖို့ ဆန္ဒကလည်း ကိုယ်ကိုယ်တိုင်နည်းနေသေးလို့ပါ။
မေး။ ။အခွေမထွက်တာကြာသွားတဲ့အတွက် Show ပွဲက ကြန့်ကြာသွားတာလား။
ဖြေ။ ။အခွေထွက်ဖို့အတွက်က စိတ်ကြိုက်သီချင်းမရလို့ပါ။ သီချင်းကတော့ ကျမကိုယ်တိုင် မရှာတာလည်း ပါပါတယ်။ အချိန်ကလည်းမပေးဖြစ်တာလည်း ပါတာပေါ့။