Entertainment

ရန်ဖြစ်ချိန်တိုင်း ဇနီးဖြစ်သူ ပြောတဲ့ စပိန်စကားကို နားမလည်လို့ ဒုက္ခရောက်နေတဲ့ မင်းသား Chris Hemsworth

ဟောလိဝုဒ်မင်းသား Chris Hemsworth က ဇနီးဖြစ်သူ သူ့ကို စိတ်ဆိုးတဲ့အချိန်တိုင်း ပြောဆိုတဲ့ စပိန်ဘာသာ စကားကို နားမလည်တဲ့အတွက် ငယ်စဉ်က စပိန်ဘာသာစကားကို ကျွမ်းကျင်တက်မြောက်အောင် မသင်ယူနိုင်ခဲ့တာကို နောင်တရမိတယ်လို့ ပြောဆိုလိုက်ပါတယ်။

“Avengers: Infinity War” ရုပ်ရှင်မှာ Thor အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား Chris က စပိန်မော်ဒယ်၊ မင်းသမီး Elsa Pataky နဲ့ လက်ထပ်ထားသူ ဖြစ်ပြီး ဇနီးဖြစ်သူက စပိန်ဘာသာစကားနဲ့ ဒေါသထွက်ချိန်မှာ ပြောဆိုတဲ့ အတွက် ဇနီးပြောသမျှ စကားလုံးတွေကို နားမလည်ကြောင်း ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

မကြာသေးခင်က သူပါဝင်ခဲ့တဲ့ “The Ellen DeGeneres Show” အစီအစဉ်မှာ သြစတေးလျ မင်းသားချော Chris က သူဟာ သူ့မိသားစုမှာ ဘာသာစကား နှစ်မျိုး မပြောတတ်တဲ့ တယောက်တည်းသော သူဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ လင်မယားနှစ်ဦးမှာ India, Tristan နဲ့ Sasha ဆိုတဲ့ကလေး ၃ ဦးရှိပြီး အဲဒီကလေးတွေက လည်း စပိန်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ကြတယ်လို့ ဆိုပါတယ်။

မင်းသား Chris က “ကျနော် နားလည်ချင်ယောင် ဆောင်ခဲ့ရတယ်။ ကျနော့် ဇနီးက စပိန်စကားလုံးတွေကို ပြောပြီး ကျနော်က အဲဒီမှာ မတ်တပ်ရပ်ပြီးတော့ အဲဒါ ဘာအဓိပ္ပာယ်ပါလိမ့်လို့ စဉ်းစားနေရတယ်။ ကျနော့်ကို တိုက်ရိုက်ပြောတဲ့ စပိန်ဘာသာစကားကို ကြားရတဲ့အချိန်တွေကတော့ အမြဲတမ်း ကံမကောင်း၊ အငြင်းပွားဖွယ်၊ ရန်လိုတဲ့ အခြေအနေတွေမှာ ဖြစ်ပါတယ်။ အဲဒီအခါ ကျနော် စဉ်းစားလိုက်တယ်။ သူဘာတွေ ပြောနေတာလဲ၊ ကျနော် ဘာပြန်ပြောရမလဲဆိုပြီး စဉ်းစားလိုက်တယ်။ ကျနော်တို့ ရန်ဖြစ်ကြတဲ့အခါ သူက အမြဲတမ်း အင်္ဂလိပ်စကားကို မပြောတော့ဘဲနဲ့ ဒေါသပဲ ထွက်နေတော့တာပါပဲ” လို့ ပြောဆိုခဲ့ပါတယ်။

Ref: aceshowbiz

Loading