Entertainment

ခီမောင်နှံနှင့် ဧရာဝတီ တွေ့ဆုံခြင်း (အပိုင်း - ၂)

Want create site? Find Free WordPress Themes and plugins.

ဒါရိုက်တာ ခရစ္စတီးနားခီနဲ့ မင်းသား ဇဏ်ခီတို့ဟာ “မုဒြာရဲ့ခေါ်သံ” ၊ “ဥပါယ်တံမျဉ်” ဇာတ်ကားတွေနဲ့ ပရိသတ်ရဲ့ တခဲနက် အားပေးမှုကို ရရှိခဲ့ပေမယ့်လည်း ခက်ခဲကြမ်းတမ်းတဲ့ ခရောင်းလမ်းတွေထဲမှာ လက်ရှိအချိန်အထိ ရုန်းကန် နေကြရဆဲလို့ ဆိုပါတယ်။

သူတို့နှစ်ဦး အတူရင်ဆိုင် ကျော်ဖြတ်ခဲ့ရတဲ့ အခက်အခဲတွေ၊ လတ်တလောမှာ ရင်ဆိုင်နေရတဲ့ အခြေအနေတွေ၊ “မုဒြာရဲ့ခေါ်သံ” ၊ “ဥပါယ်တံမျဉ်” ဇာတ်ကားတွေနဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေ၊ မိသားစု ဘဝ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ခရစ္စတီးနားခီနဲ့ သရုပ်ဆောင် ဇာဏ်ခီတို့ကို ဧရာဝတီသတင်းဌာနရဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခနဲ့ ဧရာဝတီ Lifestyle အယ်ဒီတာ သီဟတိုး တို့က သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။

မေး။ ။ “မုဒြာရဲ့ခေါ်သံ” နဲ့ “ဥပါယ်တံမျဉ်” က နာမည်လေးတွေပေးထားတာ ဆန်းတယ်ပေါ့၊ ဇာတ်ညွှန်းရှင်တွေ ကိုယ်တိုင်ကလည်း ဒီအကြောင်းလေးကို တချက်လောက်ပြောပြပေးပါဦး အဓိပ္ပာယ်လေးတွေ။

ဇဏ်ခီ။။ ကျနော်တို့ စစချင်း Deception လို့ပဲ လုပ်ထားတာ၊ ဒါပေမယ့် Dimension ထွက်လာတယ်၊ အဲမှာလူတွေက D နှစ်လုံးနဲ့ ပတ်ချာတွေ လည်ကုန်ရော။ Dimension, Deception နှစ်ခုလုံး ဘာမှန်း မသိတော့တဲ့အခါ၊ သူ (ခရစ္စတီးနားခီ) နဲ့ တိုင်ပင်လိုက်တယ်။ မြန်မာနာမည်နဲ့ ဦးတည်ရင် ကောင်းမယ်ဆိုပြီးတော့ Deception နဲ့ အကိုက်ညီဆုံး မြန်မာစကားလုံးကို တွေးရင်းတွေးရင်းနဲ့ “ဥပါယ်တံမျဉ်” သွားတွေ့တယ်။ ဆန်းလည်းဆန်းတယ်၊ ပါဠိစကားလုံးလို ဘာလိုလိုနဲ့ အရမ်း ဆန်းတယ်ပေါ့။

မေး။ ။ သူ့ရဲ့ အနက်အဓိပ္ပါယ်က ဘာလဲ။

ဇဏ်ခီ။။ “မာယာနဲ့ ဖြားယောင်းမှု” ဆိုတဲ့ အဲဒီအဓိပ္ပါယ်ရတယ်။ ဆိုတော့အဲဒါ ရွေးချယ်ဖြစ်သွားတာ။

ခရစ္စတီးနားခီ။။ “မုဒြာရဲ့ခေါ်သံ”ကတော့ “မုဒြာ”ဆိုတာ ဘုရားဟောတဲ့ထဲမှာ လက်ဟန်လေးတွေ ရှိတယ်လေ။ တရားဟောတဲ့ အခါကျရင် လက်ဟန်မျိုးစုံ ရှိတယ်။ ဒီဟာကို အစွဲပြုပြီးတော့ အစ်မက မုဒြာကို ပေးတာပေါ့။ မုဒြာဆိုတာက အစ်မတို့ ဒီ Culture နဲ့လည်း အများကြီးသက်ဆိုင်တယ်ပေါ့၊ နေရာတော်တော်များများမှာ ဘုရားရဲ့ ဒီလက်ဟန်က အများကြီး တွေ့နေရတယ်၊ အစ်မတို့ ဗမာအကမှာလည်း လက်ဟန်မျိုးစုံက မုဒြာရဲ့ပုံစံလေးတွေကို အသုံးပြုသွားတာ တွေ့ရမယ်။ အစ်မက ဒါကမြန်မာကို ကိုယ်စားပြုတဲ့ပုံစံမျိုး မုဒြာရဲ့ခေါ်သံကတော့ မြန်မာပြည်ကနေ ပြန်ခေါ်တဲ့ပုံစံမျိုးပေါ့။

မေး။ ။ မုဒြာရဲ့ခေါ်သံ”ရယ်၊ “ဥပါယ်တံမျဉ်”ရယ် နှစ်ကားစလုံးကို မြန်မာပရိသတ်တွေက အရမ်းကြိုက်တယ်၊ ဒါပေမယ့် အဲဒီ အထဲမှာမှ ဘာပြန်ထွက်လာသလဲဆိုတော့ ပရိသတ်က “မုဒြာရဲ့ခေါ်သံ”က ပိုကောင်းတယ်၊ “ဥပါယ်တံမျဉ်”က ပိုကောင်းတယ်။ ဆိုတော့ ဒီမှာကျတော့ ဇာတ်ညွှန်းနှစ်ခုစလုံးကိုရေးတဲ့သူက ဒီမှာရှိနေတယ်ဆိုတော့မေးကြည့်ရမှာပေါ့။ ဘယ်ကားက ပိုကောင်းလဲ။

ဇဏ်ခီ။။ ကောင်းပါတယ် နှစ်ကားလုံး၊ မုဒြာမထွက်ခင် အင်တာဗျူးတွေမှာ ကျနော် ဖြေသလိုပေါ့။ နန်းကြီးသုပ်နဲ့ ဘာဂါကို သွားယှဉ်လို့တော့ မရဘူး၊ နန်းကြီးသုပ်ကြိုက်တဲ့သူက နန်းကြီးသုပ်စား၊ ဟန်ဘာဂါ ကြိုက်တဲ့သူက ဟန်ဘာဂါစား၊ နန်းကြီးသုပ်ရော ဘာဂါနှစ်ခုလုံး ကြိုက်တဲ့သူက နှစ်ခုလုံးစားလို့။ ကျနော်ကတော့ မယှဉ်ပါဘူး။ သူ့ဟာသူ နှစ်ခုစလုံး ကောင်းတယ်လို့ ထင်ပါတယ်။

မေး။ ။ “မုဒြာရဲ့ခေါ်သံ”မှာ မင်းသမီး လှယဉ်ကျေးကို မြန်မြန်ဆန်ဆန်နဲ့ ပြထားတယ်။ ဒါစံပြ အနေနဲ့ ရိုက်ထားတာလား၊ ဘယ်လိုပုံစံမျိုးလဲ။

ခရစ္စတီးနားခီ။။ အဲလိုပြောလို့လည်း ရပါတယ်၊ ဟိုးတုန်းတည်းက အစ်မတို့က အဲဒီ Culture ကို ထည့်ချင်တာပေါ့၊ ဒါပေမယ့် တကယ်တမ်း ဖြစ်သွားတာတော့ မိဘရှာတဲ့ကားလေး ဖြစ်သွားတယ်။ သူ့ကိုကျတော့ ဘယ်လိုလဲဆိုတော့ အစ်မ မြန်မာပြည် ပြန်လာတဲ့အချိန် အစ်မတို့နိုင်ငံမှာ ကိုရီးယား Culture က တော်တော်ကြီးစိုးနေတာ တွေ့ရတယ်။ အားလုံးက အသားဖြူချင်တယ်၊ အသားဖြူဆေး ထိုးတယ်၊ ဆံပင်ကို ကိုရီးယားတွေလို လုပ်တယ်။ ကိုရီးယားတွေလို ဝတ်တယ်။ ကိုယ့်ရာသီဥတုနဲ့ လိုက်ဖက်တယ်၊ မလိုက်ဖက်တာကို မဟုတ်ဘူး ကိုရီးယားလေးနဲ့ကို အရမ်းတူချင်ကြတယ်၊ စကားပြောတာလေးတွေကအစ ချွဲချွဲပျစ်ပျစ်လေးတွေနဲ့ ယောက်ျားလေးတွေရော၊ မိန်းကလေးတွေရော ပြောလာကြတယ်၊ ပြောနေကြတာတွေ့ရတယ်။ တွေ့ရတာ ကောင်းပါတယ်၊ ဒါက ကိုရီးယား Culture အရမ်းလွှမ်းမိုးနေတယ်ဆိုတာကို ကင်မ်ချီ သွားစားချင်တယ်၊ ကိုရီးယား ကိုရီးယားဖြစ်နေတယ်ပေါ့။

အစ်မက တွေးလိုက်တာက ဒီလို ကိုယ်မဟုတ်တဲ့ လူတယောက် ဘာကြောင့်ဖြစ်ချင်ရတာလဲ။ အစ်မတို့ဆို မဖြစ်ချင်ဘူး အမှန်အတိုင်း ပြောတာ၊ မြန်မာဆို မြန်မာပဲ။ ဘယ်နိုင်ငံရောက်ရောက် ကိုယ်မြန်မာပဲ။ ကိုယ့်အသားက ညိုညိုမဲမဲ ဒါ Original ပဲ။ ကိုယ့် Original လေးကို မပျောက်စေချင်ဘူး။

နှင်းသူဇာဆိုတဲ့ ကာရိုက်တာက ဗမာမ။ တကယ်တမ်း မြန်မာ မိန်းကလေး နည်းနည်းစစ်သွားလို့ရှိရင် မာနလည်း နည်းနည်း ကြီးတယ်။ ဒါအမှန် အတိုင်းပြောတာ။ မာနလည်း ကြီးမယ်။ ကိုယ်က ပညာတွေ နည်းနည်းတက်သွားလို့ရှိရင် ကိုယ့်ဂုဏ် သိက္ခာလေးနဲ့ နည်းနည်း မာဆတ်ဆတ်လေး နေတတ်တဲ့ ပုံစံလေးတွေရှိတယ်။ ထမီတွေ ဘာတွေဆိုတာလည်း မော်ဒယ် မဟုတ်ဘူးဆိုရင် အရမ်းကြီး သပ်သပ်ရပ်ရပ်နဲ့ အရမ်းကြီး ဖြစ်အောင်လည်းနေကြတာ မဟုတ်ဘူးလေ။ ပြည်ပလောကမှာ ရိုးရိုးသာမန် မိန်းကလေးတွေက ထဘီလေးနဲ့ပဲ သာမန် ဝတ်သွားစားကြတာပဲဆိုတော့ အစ်မအနေနဲ့က သူ့စိတ်နေ စိတ်ထားလေးတွေက ကိုရီးယား Culture အရမ်းကို ခေတ်စားလာတဲ့အချိန်မှာ ဒီလိုလေးလည်း မြန်မာလို ဖြစ်လို့ရတယ် ဆိုပြီးတော့ ကိုယ့် ပုံစံလေး အတိုင်းလေးပဲပေါ့။

မေး။ ။ ဒီ “ဥပါယ်တံမျဉ်” တို့ “မုဒြာရဲ့ခေါ်သံ” တို့ ထွက်ပြီးတဲ့နောက်ပိုင်းမှာ ဒီနှစ်ကားလုံးက အရမ်းကို အောင်မြင်တယ်၊ ပြည်တွင်းထဲမှာ ဆိုရင်လည်း ကြည့်ချင်တဲ့သူတွေ ထပ်စောင့်နေတာတွေရှိတယ်၊ စင်ကာပူမှာဆိုရင်လည်း အရမ်း ပေါက်တယ်လို့ ပြောလို့ရတယ်၊ အမေရိကားမှာလည်း ပြဖို့ရှိတယ်ဆိုတော့ ပရိသတ်တွေက အရမ်းကို အားပေးကြတယ် အောင်မြင်တယ်ပေါ့။ ဒီအပေါ်မှာ ဂုဏ်လည်းယူပါတယ်၊ ဒီအောင်မြင်မှုက ဘာကြောင့်ရလာတယ်လို့ မြင်လဲ၊ ကိုဇဏ်ခီ အရင်ဆုံး ပြောပြပေးပါ။

ဇဏ်ခီ။။ ကျနော်ထင်တာ ဒီအပြောင်းအလဲတခုကို ဆာလောင်နေတာ ကာလတော်တော်ကြာပြီ ထင်တယ်။ ကျနော်တို့ တခြား အင်တာဗျူးတွေမှာလည်း ပြောခဲ့တာရှိပါတယ်၊ မြန်မာပြည်မှာ လတ်တလောရှိနေတဲ့ Industry က Target လုပ်တဲ့ Population က မှားနေတယ်။ ကျနော် အမြဲပြောတယ် မြန်မာပြည်မှာ လူဦးရေ ၅၄ သန်း ရှိမယ်ဆိုရင် ကျနော်တို့ မြန်မာ့ ရုပ်ရှင်ကို ကြည့်တဲ့သူက ၁ သန်းတောင် မရှိဘူး ဖြစ်နေတယ်။ အဲ ၁ သန်း ပတ်ချာလည်ကို လုပ်စားနေရတဲ့ သဘော ဖြစ်နေတယ်။ ကျန်တဲ့ ၅၄ သန်းက မကြည့်ဘူး ဖြစ်နေတယ်။

ကိုရီးယားကားတွေ ကြည့်တာ များလာတယ်။ သူတို့ကားတွေက ပိုကောင်းတာကိုး။ ပိုပြီးတော့ အက်တင်တွေလည်း ကောင်းကြတယ်။ ဇာတ်လမ်းတွေလည်း ကောင်းကြတယ်၊ ငြင်းစရာကို မရှိဘူး။ အဲဒီမှာ ကျနော်တို့ကျတော့ Target က ၅၄ သန်းလုံး လူတွေဆီကို မြန်မာရုပ်ရှင် မကြည့်တဲ့သူတွေကို Target ထားတယ်၊ ကျနော်တို့ စလုပ်တုန်းကတော့ အိမ်မက်ကြီး တခုပေါ့၊ ရုံရှင်တွေကို ပြောပြတဲ့အချိန်မှာ တခြား ပရိုဂျူဆာတွေကို ပြောပြတဲ့အချိန်မှာ မယုံဘူး။ အဲဒီလူတွေက တကယ် ရှိလို့လား၊ တကယ်ပဲ ထွက်လာကြည့်မှာ မို့လို့လား၊ အဲဒါကျနော်လည်း မသိဘူး။ မသိဘူးဆိုတာ ထွက်လာကြည့်မှာလား ဆိုတာကို မသိတာ။ ရှိတယ်ဆိုတာကို သိတယ်၊ ကျနော်တို့ဒါကိုချပြလိုက်တဲ့ အချိန်မှာ ကျနော်တို့ လမ်းစမှု မှန်သွားတယ်လို့ ပြောလို့ရတယ်။ လူတွေက ကွာလတီကောင်းတဲ့မြန်မာကားကို တောင်းတနေတာ ဖြစ်တဲ့အတွက်ကြောင့်မို့ိလို့ ကွာလတီ ကောင်းကောင်း ဖြစ်စေချင်တယ်၊ ကိုရီးယားကားတေ ွကောင်းသလို၊ တခြားနိုင်ငံခြားကားတွေ ကောင်းသလို၊ မြန်မာကားကို ကောင်းစေချင်တယ်ဆိုတာ ဒါသက်သေပေါ့။ အဲဒါကြောင့် အောင်မြင်တယ်လို့ကျနော်မြင်ပါတယ်။

မေး။ ။ နောက်တခုမေးချင်တာက သိပ်မကြာသေးခင်က မခရစ္စ ရသွားတဲ့ အမျိုးသမီး စွမ်းဆောင်ရည်ဆုနဲ့ ပတ်သက်ပြီးတော့ တချက်လောက် ပြောပြပေးပါဦး။

ခရစ္စတီးနားခီ။။ “Intellectual Property Award” ကနေပြီးတော့ အဓိက “Intellectual Property Organization” က အစ်မရယ်၊ ဒေါက်တာ ချိုလဲ့အောင်ရယ်ကို ပေးတာ၊ ထန်းညှက်လုပ်တာလေ သူ့ရဲ့ Packing နဲ့ Quality လေးတွေက ကောင်းတယ်။ အဓိက အစ်မ ထင်တာကတော့ ဒါပထမဦးဆုံးကတော့ အမျိုးသမီး နှစ်ယောက်ကို ဒီနှစ်အတွက်က အမျိုးသမီးတွေကိုပဲ ရွေးချယ်ပြီးပေးတယ်ဆိုတော့ အစ်မတို့ အတွက်က ကောင်းတာပေါ့။ အလုပ်ထွက်လုပ်နေတဲ့ မြန်မာအမျိုးသမီးတွေကိုလည်း အသိအမှတ် စပြုလာတာပါတယ်။ နောက်တခုကလည်း ဒီလမ်းကြောင်းလေးတွေကို အစ်မတို့လုပ်နေတာတွေ မှန်တယ်၊ ဆက်လုပ်ပါ ဆိုပြီးတော့ အစ်မတို့ကို အားအင်တခု ပေးလိုက်တဲ့ Award လို့သ တ်မှတ်ပါတယ်။

မေး။ ။ မခရစ္စတို့ ခီမောင်နှံက နိုင်ငံခြားမှာ နေထိုင်တာများတယ်၊ ရိုက်ပြတဲ့ကားတွေကလည်း မြန်မာအငွေ့အသက်တွေ မပျောက်ဘူး၊ မခရစ္စရဲ့ မြန်မာအမျိုးသမီးတွေအပေါ် သဘောထားတဲ့ စံနှုန်းလေးလည်း သိချင်ပါတယ်။

ခရစ္စတီးနားခီ။။ အစ်မကသိပ်ပြီးတော့ Culture နောက်ပြန်ဆွဲလားဆိုတော့လည်း မဆွဲဘူး၊ အရမ်း ခေတ်နောက်ပြန်လည်း မဆွဲသလို၊ ခေတ်နဲ့ပဲ နေနေတာပေါ့။ မော်ဒန်ခေတ်မှာဆိုတော့ မော်ဒန်လိုပဲ ဝတ်စားပြီးတော့ နေနေပါတယ်။ အစ်မက ယုံကြည်ထားတာတော့ တခုရှိတယ် မိမိမွေးဖွားရာ ဇစ်မြစ်ပေါ့၊ အစ်မတို့ အမေရိကားမှာပဲနေနေ၊ နိုင်ငံခြား တနိုင်ငံမှာပဲနေနေ၊ အစ်မတို့ကိုအမြဲတမ်း Where are you from? လို့ပဲ မေးတယ်၊ အစ်မတို့ကို ဘယ်သူကမှ အမေရိကန်လို့ မသတ်မှတ်ဘူး၊ သတ်မှတ်စရာလည်း မရှိဘူးလေ အစ်မတို့ ပုံပန်းသဏ္ဍာန်ကို ကြည့်ပြီးလို့ရှိရင်၊ ဒီအတွက်ကြောင့်မို့လို့ အစ်မတို့ဟာ ကိုယ်မဟုတ်တဲ့ သူများဖြစ်ချင်စရာ အကြောင်းမရှိဘူး။ နောက်တခုက Culture ဆိုတဲ့နေရာမှာ ကိုယ့်မြန်မာမှ မဟုတ်ဘူး Culture ဆိုတာ အင်မတန် ချစ်စရာကောင်းတဲ့ အလေ့အထပေါ့။ တချို့ဆိုရင် Culture တောင်မရှိတဲ့ တိုင်းပြည်တွေရှိတယ်။ Culture အစစ်ကြီးတွေ ရှိမနေဘူးပေါ့၊ သူများဆီက ယူလိုက်ရတာတွေ ရှိတယ်ပေါ့။

အစ်မတို့ဆီမှာ Culture အများကြီးရှိတယ်။ ဒါအင်မတန် ချစ်စရာကောင်းတဲ့ အရာတခုပေါ့။ ဒါပေမယ့် မော်ဒန်ခေတ်ကို ပြောင်းသွားလို့ ရှိရင် ဒါတွေက တဖြည်းဖြည်း ပျောက်သွားတယ်၊ နောက်တခုက ဒီဟာတွေကို ထိန်းသိမ်းတဲ့ သင်တန်းတို့ သင်ရိုးတို့ ကျောင်းပညာ တွေမှာ မရှိတော့ဘူးဆိုရင် လူငယ်တွေက ခုနပြောသလို ကိုယ့် Culture မဟုတ်တဲ့ ကိုရီးယားယဉ်ကျေးမှု၊ ထိုင်းယဉ်ကျေးမှုတို့ ဒါတွေထဲကို ဝင်သွားရင်လည်း ဒါကြီးက နှမြောစရာကောင်းတယ်။ အစ်မက အရမ်းကြီး ဗမာ အရမ်းဆန်နေတဲ့ မိန်းမလား ဆိုတော့လည်း မဟုတ်ဘူး။ အစ်မက ချစ်တာ ဒီဟာလေးတွေကို ချစ်တာ။ နောက်တခုက အစ်မတို့ရိုက်မယ် ဆိုတုန်းကလည်း ဒီမြန်မာနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းလေးတွေ ရိုက်ချင်တယ် ဆိုတာကလည်း ဘာဖြစ်လို့ ဘိုဇာတ်လမ်း ရိုက်မလဲ။ ဘိုဇာတ်လမ်းက ဟောလိဝုဒ်မှာ ကောင်းမွန်နေတာ ပြန်လန်နေတာပဲ၊ အစ်မတို့နိုင်ငံထဲက အစ်မတို့ဆီမှာရှိနေတဲ့ အရာလေးတွေထဲက မကုန်ဘူး ရိုက်ပြစရာတွေ၊ အဲအထဲက အများကြီး ပြွတ်သိပ်နေအောင် ရိုက်ပြစရာ မလိုဘူး။ တခုခုကို နည်းနည်းလေး ထည့်ပေးလိုက်လို့ရှိရင် ဒါက One Issue တခု ထည့်လို့ရတာပဲ။ အဲလိုသဘောနဲ့ပဲ အစ်မက အလုပ်လုပ်တာပါ။

မေး။ ။ ကိုဇဏ်ရဲ့သဘောထားလေးလည်း သိချင်ပါတယ်။

ဇဏ်ခီ။။ ကျနော်က ထပ်တူကျပါတယ်။ ကျနော်တို့ နှစ်ယောက်စလုံး US မှာ ကြီးတယ်၊ ကျနော်တို့ US သူတို့ Culture နဲ့ Adapt လုပ်လိုက်ရတယ်ပေါ့။ ဒါပေမယ့် ကျနော်တို့ Identity ကိုဘယ်တော့မှ မပျောက်အောင် ကြိုးစားတယ်။ ဥပမာ- ဂျပန်တို့၊ တရုတ်တို့ကို ကြည့်မယ်ဆိုရင် အရမ်းခေတ်မီကြပါတယ်။ သူတို့အဝတ်အစားတွေပဲ ပြောပြော၊ နည်းပညာပဲပြောပြော အရမ်း ရှေ့ပြေးတယ်။ ဒါပေမယ့် သူတို့ရဲ့ Identity ဘယ်တော့မှ မပျောက်ဘူး၊ Culture ထိန်းသိမ်းမှုကလည်း ကမ္ဘာနဲ့လည်း ရင်ဘောင်တန်းနိုင်တယ်၊ သူတို့ရဲ့ လူနေမှု စနစ်တွေက အရမ်းခေတ်မီတယ်။ ဒါပေမယ့်လည်း Culture ကို အရမ်းထိန်းသိမ်းတယ်။ အဲလိုမျိုး ဒီမှာဖြစ်စေချင်တာပေါ့။ Culture ဆိုပြီးတော့ ခေတ်နောက်ပြန်ဆွဲစရာ မလိုဘူး။ ဒါပေမယ့်လည်း ထိန်းသိမ်းရမယ်ပေါ့။

မေး။ ။ အွန်လိုင်းမှာရုပ်သံတခုတွေ့တယ် အဲဒါ ဘာလဲဆိုတော့ အစ်မ ကနေတယ်၊ ကနေတာကို တွေ့ရတော့ ပရိသတ်တွေ နည်းနည်း အံ့အားသင့်ပုံတွေ့ရတယ်၊ ဝိုင်း Share ကြတယ် အဲဒါကို၊ အစ်မ ကတတ်လိမ့်မယ်လို့ ထင်ထားပုံ မရကြဘူး၊ အဲဒါ အစ်မ အကပညာကို ဘယ်လိုစပြီးတော့ ကတတ်သွားတာလဲ။

ခရစ္စတီးနားခီ။။ အစ်မကတော့ ၇ နှစ်သမီးလောက်က စမယ်ထင်တယ်၊ ဒီလိုပဲ Summer ဆိုရင် မိဘတွေက စီးပွားလုပ်တယ်၊ အမေက ဗိုလ်ချုပ်ဈေးမှာ ဆိုင်ထွက်တယ်၊ ဆိုင်ထွက်တော့ အမှန်အတိုင်းပြောရရင် ကလေးဆိုတော့ မိဘတွေက မထိန်းနိုင်ဘူးပေါ့၊ မထိန်းနိုင်တော့ အဲအနားမှာရှိတဲ့ အကသင်တန်းကျောင်းလေး ပို့လိုက်တာပေါ့၊ ပို့လိုက်တဲ့အခါကျတော့ ကိုယ်က ပိုးပါလာတာတဲ့ အခါကျတော့ ဒါကို၊ အမှန်က နှစ်လ၊ သုံးလလောက်ပဲသင်ပေးလိုက်တာပါ၊ များသောအားဖြင့်က မြင်ဆရာတွေ များတယ်ပေါ့၊ တီဗီအခွေတွေ ကြည့်တယ်၊ ဒါတွေနဲ့ပဲ ဝါသနာပါတော့ မိဘတွေက အမှန်အတိုင်းပြောရင် အမေတို့က တော်တော်တန်တန် မသိဘူး နင်ဘယ်ကနေ ကတတ်လာတာလဲဆိုပြီး တခါတခါ အမေးခံရတယ်။ အဲကနေပြီးမှ ဆရာ ဦးဝင်းမောင် ရွှေမန်းသဘင် ဦးဝင်းမောင်တို့နဲ့ အမေရိကားမှာလည်း တွေ့တယ်။ ဆရာက ခုန ဗီဒီယိုဖိုင်တွေကနေတဆင့် ဆရာနဲ့ ကခွင့်ရတယ်ပေါ့။ နိုင်ငံခြားသားရှိုးတွေမှာ ကခွင့် ရပါတယ်၊ အဲဒါတွေက အရင်တုန်းက မတတ်ပါဘူး။ အခုမှ ဘယ်လိုတွေဖြစ်ပြီးတော့ ကတတ်လာမှန်းမသိဘူး။

မေး။ ။ “ဥပါယ်တံမျဉ်” ဇာတ်ကားကိုလည်း တချို့က Copy ကားလို့ ပြောတယ်၊ ဒါပေမယ့် အချက်အလက် အထောက်အထားနဲ့ ထောက်ပြတာမျိုးတော့ မရှိဘူးပေါ့၊ အဲဒီအပေါ်မှာရော အစ်မအနေနဲ့ ဘယ်လိုမျိုး ပြောချင်ပါသလဲ။

ခရစ္စတီးနားခီ။ ။ အစ်မက ဖြေရှင်းပြရတဲ့ အလုပ်က အမှန်အတိုင်းပြောရရင် အမုန်းဆုံးပဲ၊ စွပ်စွဲကြတယ်၊ ပြောကြတယ်ပေါ့၊ ဒါပေမယ့် အစ်မတို့ စင်ကာပူမှာ သွားပြတယ်ဆိုလို့ရှိရင် ရိုးရိုးပြလို့ မရဘူး၊ အစ်မတို့က ဆင်ဆာဖြတ်ရတယ်။ မြန်မာပြည်လိုမျိုး ဆင်ဆာမျိုး မဟုတ်ဘူး။ ဟိုအခန်းဖြတ်၊ ဒီအခန်းဖြတ် ပြောတာမျိုး မဟုတ်ဘူး။ သူတို့ဆင်ဆာဆိုတာက သူတို့ Raiding System အရင်ဆုံး သတ်မှတ် ပေးလိုက်တယ်၊ အဲဒါပြီးလို့ရှိရင် အစ်မတို့ Copy Right ဌာနကို ပို့ရတယ်။ သီချင်းတို့၊ ရုပ်ရှင်ဇာတ်လမ်းတွေက မူပိုင်ဟုတ်ရဲ့လား ဆိုတာကို သူတို့ စစ်တယ်၊ စစ်ပြီးလို့ရှိရင် ဟိုဘက်ကနေပြီးတော့ ဒါကို Pass ပေးလိုက်တယ် ပေးပြီးတော့မှ အစ်မတို့က ဒါကိုယူပြီးတော့မှ ရုံပေါ်ရောက်တာ၊ သူများနိုင်ငံမှာတောင် အစ်မတို့က ရုံပေါ် ရောက်ပြီးပြီဆိုတော့ အစ်မဒါကို ဖြေရှင်းစရာမလိုဘူးလို့ ထင်ပါတယ်။

ဆက်စပ် သတင်းလင့်ခ် – ခီမောင်နှံနှင့် ဧရာဝတီ တွေ့ဆုံခြင်း (အပိုင်း – ၁)

Did you find apk for android? You can find new Free Android Games and apps.
Loading