Facebook မှာ လွှင့်တဲ့ ကြော်ငြာလေးတွေမှာ အများဆုံးတွေ့ရတဲ့ သန္တာဗိုလ်က မကြာခင်ကမှ “အဝါရောင်ဒိုင်ယာရီ” ဆိုတဲ့ ဗွီဒီယိုကားကိုရိုက်ကူးထားပါတယ်။ ဖခင်ဖြစ်သူ ပေါသျှံနဲ့ အစ်မဖြစ်သူ အကယ်ဒမီချောရတနာ တို့လို အနုပညာ ဘက်ပဲ ရွေးချယ်ခဲ့တဲ့သန္တာဗိုလ်က “သရုပ်ဆောင်နဲ့မော်ဒယ်လ်မှာတော့ ညီမက မော်ဒယ်လ် အဓိက လုပ် ဖြစ်တယ်။ တကယ်လည်း ဝါသနာပါတဲ့အလုပ်၊ ညီမရဲ့ ပထမဆုံးအလုပ်လည်းဖြစ်တဲ့အတွက် လုံးဝ စွန့်လွှတ်လို့ မရတဲ့ အလုပ် ၊ သရုပ်ဆောင်ဆိုတာက ဝါသနာလည်းပါပေမယ့် ကမ်းလှမ်းတဲ့သူတွေရှိလို့သာ လုပ်ဖြစ်သွားတာပေါ့ ” လို့ ဧရာဝတီနဲ့ မေးမြန်းမှုမှာ ဖြေဆိုခဲ့ပါတယ်။
မော်ဒယ်လ်သက်တမ်းလည်း အတော်ရနေပြီဖြစ်တဲ့ သန္တာဗိုလ်က လက်ရှိမြန်မာမော်ဒယ်လ်ဈေးကွက် အနေအထား ၊ ရပ်တည်မှုနဲ့ပတ်သက်ပြီး ” မြန်မာနိုင်ငံမှာ မော်ဒယ်အလုပ်ဆိုတာကလည်း သူ့ဟာနဲ့သူတော့ အဆင်ပြေပါတယ်။ အခုနောက်ပိုင်း အရင်ကထက်ပို ပိုပြီး အဆင်ပြေတယ်။ ဒါပေမဲ့တခါတလေ ညီမတို့မှာ ညီမတို့ တောင်းတဲ့ဈေး ရှိတာပေါ့နော်။ အခုက ဘယ်လိုပြောရမလဲ။ ဈေးလျှော့ပေးတဲ့သူတို့ ၊ အလကားရိုက်ပေးတဲ့သူတို့ ရှိလာတော့ ညီမတို့လို ကယ်အလုပ်လုပ်ချင်တဲ့ သူတွေအဆင်မပြေဘူးပေါ့။ ညီမတို့လည်း ခင်မင်တဲ့သူတွေဆိုရင် အလကားရိုက်ပေးပါတယ်။ဒါပေမဲ့ ညီမတို့ကိုဈေးတွေ ဘာတွေ ဆစ်ပြီးမှ အလကားရိုက်ပေးတဲ့သူကို ခေါ်လိုက်တာတို့ဆိုရင် ဈေးကွက်ပျက်တာတို့ ဘာတို့ရှိတာပေါ့ “လို့ ဆိုပါတယ်။
နိုင်ငံတကာအဆင့်ပြိုင်ပွဲများနဲ့ Miss ခေတ်ကိုမီပေမယ့် Miss ပြိုင်ပွဲတွေမှာ သန္တာဗိုလ်ကို မတွေ့ရပါဘူး။ “Miss World တုန်းက ညီမကိုဝငိပြိုင်ဖို့ ခေါ်သေးတယ်။သွားတော့ လေ့လာဖြစ်တယ်။ ဒါပေမဲ့ ညီမက အပင်ပန်း မခံနိုင်ဘူး။ သွေးအား နည်းတဲ့ ရောဂါရှိတယ်။ ခဏ ၊ခဏမူးလဲတတ်တယ်။ ဟိုမှာက ထရိန်နင်ဆင်းရမှာတို့ ဘာတို့လည်း ရှိတယ်။ ပြီးတော့ အင်္ဂလိပ်စာအနေနဲ့လည်း Miss အနေနဲ့အရမ်းကောင်းရမယ်။ ဗဟုသုတတွေလည်းအများကြီးရှိရမယ်။ ညီမက အဲဒီအရည်အချင်းတွေမပြည့်ဝဘူးလို့ ထင်လို့ ဝင်မပြိုင်ဘူး။ နောက်တခု အဓိကအချက်က ညီမက Two Pieces မဝတ်ရဲဘူး။ Missတွေလောက်လှတဲ့အရည်အချင်း ၊ကိုယ်လုံးမျိုးမရှိဘူးလိုထင်လို့်ပါ။ ရေကူးရင်တော့ဝတ်လိုက်မယ်။ စင်ပေါ်မှာ ၊ပြိုင်ပွဲမှာကျတော့ ညီမကြောက်နေတာပေါ့ ။ အဲဒါကြောင့်ဝင်မပြိုင်ဖြစ်တာပါ “လို့ပြောလာတဲ့ သန္တာဗိုလ်က ရေကူးဝတ်စုံနဲ့ရိုက်ရမယ့် ကြော်ငြာ ၊ပြက္ခဒိန်များကိုလည်း ရိုက်ကူးဖို့ငြင်းဆိုတယ်လို့လည်း သိရပါတယ်။
အချစ်ရေးမှာတော့ ခုထိသစ္စာရှိတဲ့ချစ်သူကို သန္တာဗိုလ်က ပိုင်ဆိုင်ထားပါတယ်။ “အချစ်ရေးကတော့အဆင်ပြေဆဲပဲ။ခြောက်နှစ်လည်းကျော်ပြီဆိုတော့ နားလည်မှုပိုရှိတာပေါ့နော်။ သံယောဇဉ်လည်းပိုရှိလာတာပေါ့။ သူနဲ့တွဲရိုက်ရတဲ့အခါကျတော့လည်း ကိုယ့်ချစ်သူဆိုတော့ တိုင်တိုင်ပင်ပင်နဲ့လုပ်လို့ရတာပေါ့။တခြားသူတွေနဲ့ဆို ကြောက်နေတာတို့၊ရှိန်နေတာ တို့၊ အားနာတာတို့ရှိတာပေါ့။ ကိုယ့်အချင်းချင်းကျတော့ ပွင့်ပွင့်လင်းလင်းနဲ့ ညှိနှိုင်းလုပ်လို့ရတာပေါ့” လို့လည်းဆိုပါတယ်။
ချစ်သူအပေါ်မှာ ကလေးဆိုးလေးပါဆိုတဲ့သန္တာဗိုလ်က အချစ်ရေးကို အခုလိုလည်းပွင့်ပွင့်လင်းလင်း ရင်ဖွင့်ပြောဆိုခဲ့ပါ တယ်” ခြောက်နှစ်မှာ အဆင်အရမ်းပြေခဲ့တယ် ဆိုတာတော့ မရှိပါဘူး ။ သူ့အကြိုက်ကိုလည်း ကိုယ်က လိုက်ရမယ်။ ကိုယ့်အကြိုက်ကိုလည်း သူကဖြည့်ရမယ်။ ညှိလို့ရှိရင်တော့ အဆင်ပြေသွားတာပေါ့။ ချစ်သူသက်တမ်း ခြောက်နှစ်မှာ ပထမသုံးနှစ်က အဆင်မပြေဘူး၊ နောက်သုံးနှစ်ကျမှပဲပြေတယ်။ ပထမသုံးနှစ်က စကားတွေတော်တော်များပြီး ရန်တွေခဏ၊ခဏဖြစ်တယ်။အခုနောက်ပိုင်းမှာ တယောက်အကြောင်းတစ်ယောက် ပိုသိတဲ့အခါကျတော့ ပိုပြီးနားလည်သွားတာပေါ့”ဆိုပြီး အနုပညာရှင်တွေဖြစ်ပေမယ့် ချစ်သူဖြစ်တဲ့ သရုပ်ဆောင်ကောင်းပြည့်နဲ့ ပတ်သတ်ပြီး မကွယ်မဝှက်ပြောပြရဲတဲ့ သန္တာဗိုလ်ပါ။
“တယောက်နဲ့ တေယောက်ကတော့ အယူအဆချင်းက မတူကြဘူး။ တချို့ကတော့အကြံပေးပါတယ်။ စုံတွဲပုံတွေသိပ်မတင်နဲ့၊ ချစ်သူအကြောင်းလည်း ပွင့်ပွင့်လင်းလင်းမပြောနဲ့၊ အားပေးမှု လျော့မယ်လို့ ပြောကြတယ်။ ညီမတို့ပြန်စဉ်းစား တာကျတော့ ပရိသတ်အားပေးတယ်ဆိုတာ အနုပညာကိုအားပေးတာပေါ့။ ကိုယ်ချစ်တဲ့ အနုပညာရှင်ဆိုရင် ဘာပဲဖြစ်ဖြစ် အားပေးမှာပဲ။ ဘာပဲဖြစ်နေ၊ဖြစ်နေ ချစ်မှာပဲလို့။ ကိုယ်ရေးကိုယ်တာနဲ့ မဆိုင်တော့ဘူး။ အောင်မြင်မှု ဆိုတာကလည်း ကိုယ့်ရဲ့ ကံ တွေ၊စန်းတွေ လည်းလိုသေးတယ်လေ။ ရည်းစားရှိသွားလို့လည်း အလုပ်မှာပြောင်းလည်း သွားတာ မရှိပါဘူး။ အရင်အတိုင်း ပါပဲ” လို့ပြောပြပါတယ်။ လက်ထပ်ဖို့ အစီအစဉ်နဲ့ ပတ်သတ်ပြီး သန္တာဗိုလ်က နှစ်ယောက်စလုံး ကြိုးစားနေဆဲ ဖြစ်တဲ့ အတွက် လိုပါသေးတယ်လို့လည်း ဆိုပါတယ်။