စွန့်စားခန်းကြိုက်တဲ့ ပရိသတ်တွေ ကြည့်ရှုသင့်တဲ့ "ဒုဋ္ဌဝတီကို လွန်၍" ရုပ်ရှင်
ဒီအပတ် သောကြာနေ့မှာ ရုံတင်မယ့် ရုပ်ရှင်ကားကြီးကတော့ ပရိသတ်များ စောင့်မျှော်နေကြတဲ့ “ဒုဋ္ဌဝတီကို လွန်၍” ဆိုတဲ့ ရုပ်ရှင်ကားပါ။ ဒီဇာတ်ကားက ရုံမတင်ခင်တည်းက ပရိသတ် စိတ်ဝင်စားမှု များနေတဲ့ အကြောင်းကတော့ ဒီဇာတ်ကားကို ဖန်တီးတဲ့ ဒါရိုက်တာ အပါအဝင် ၊ ပါဝင် သရုပ်ဆောင်ထားကြတဲ့ သရုပ်ဆောင်များကြောင့်လည်း ဖြစ်ပါတယ်။
ဒါ့အပြင့် ဒီဇာတ်ကား Trailer ကြောင့်လည်း ပရိသတ်စိတ်ဝင်စားမှုများခဲ့တယ် ဆိုရင်လည်း မမှားပါဘူး။
“ဒုဋ္ဌဝတီကို လွန်၍” ဇာတ်ကားကြီးကို လူငယ်ဒါရိုက်တာ အာကာက ရိုက်ကူးခဲ့တာဖြစ်ပြီး ဒီဇာတ်ကားကြီးက သူူ့ရဲ့ ပထမဆုံး ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားကြီးလည်း ဖြစ်ပါတယ်။ ပါဝင်ကြတဲ့ အဓိက သရုပ်ဆောင်တွေကတော့ နိုင်းနိုင်း၊ အမွန်းနဲ့ ဇော်ဇော်အောင်တို့ ပဲဖြစ်ပါတယ်။
ဒီဇာတ်ကားရဲ့ ဇာတ်လမ်းအကျဉ်းကတော့ ကုန်းဘောင်မင်းဆက်က ပျောက်ဆုံးပြီး ကျန်ခဲ့တဲ့ ပတ္တမြားကြီးကို လိုချင်ပြီး မကောင်းမှု ကျူးလွန်တဲ့ နိုင်ငံခြား သားတဦးနဲ့ အပြိုင် နိုင်းနိုင်း တို့က လိုက်လံရှာဖွေရတဲ့ အက်ရှင်၊ စွန့်စားခန်း ရုပ်ရှင်ကား ပဲ ဖြစ်ပါတယ်။ စွန့်စားခန်းတွေကြိုက်တဲ့ ပရိသတ်တွေ အနေနဲ့တော့ ဒီဇာတ်ကားကို လက်မလွတ်ဘဲ ကြည့်ရှှု့သင့်တယ်လို့ ညွန်းချင်ပါတယ် ။ ဘာကြောင့်လည်းဆိုတော့ ဖိုက်တင်ခန်းရဲ့ ရိုက်ချက်တွေ သုံးထားတဲ့ Effect တွေ က တခြားကားတွေ ထက် ပိုမိုထူးခြားနေပါတယ်။ ဖိုက်တင်ခန်းတွေက ပြောင်းလဲလာတဲ့ မြန်မာ့ရုပ်ရှင် အဆင့်အတန်း တခုကို သေချာ ပြသ ပေးနိုင်တဲ့ ကားကောင်းတကား ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ ဝါရင့်သရုပ်ဆောင်မင်းသား နိုင်းနိုင်းရဲ့ သရုပ်ဆောင်မှုတွေက အထူးပြောစရာမလိုအောင် ဇာတ်ကောင်နဲ့ အံ့ဝင်ကျနေပါတယ်။ မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ အမွန်းကလည်း ရုပ်ရှင်ကားထဲမှာ အလှအပထက် သဘာဝဘက်ကို ပိုပြီး သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။ အဆိုတော်တယောက်ဖြစ်ပြီး ရုပ်ရှင်ကားကြီးမှာ ပထမဆုံး ပါဝင်သရုပ်ဆောင်ထားတဲ့ အမွန်းရဲ့ သရုပ်ဆောင်မှုတွေကလည်း အသစ်တယောက်ဆိုပေမယ့် ကြည့်ရှှုကြမယ့် ပရိသတ်ကို အကြိုက်တွေ့စေလောက်အောင် သရုပ်ဆောင်သွားနိုင်ပါတယ်။ မင်းသားနိုင်းနိုင်းကို အမီလိုက်နိုင်တဲ့ သရုပ်ဆောင်တဦးလို့ မြင်မိပါတယ်။
ဇာတ်ကားအဖွင့်မှာပဲ စကားပြောသံ တခွန်းမှ မပါဘဲ ရိုက်ချက်များနဲ့ ပြသလာတဲ့ ဒီဇာတ်ကားက စိတ်ဝင်စား ဖွယ်ကောင်းလောက်အောင် ပရိသတ်ကို ဆွဲခေါ်လာခဲ့ပါတယ်။ ဒါပေမယ့် ဒီဇာတ်ကားရဲ့ အားနည်းချက်ကို မြင်မိတာကတော့ အမွန်းနဲ့ နိုင်းနိုင်းတွေ့ဆုံပြီး ဇာတ်ကြောင်းစုံရှင်းပြတဲ့ အခန်းအပြီးမှ ကြည့်ရတဲ့ ပရိသတ်အနေနဲ့ ဇာတ်ရှိန် အနည်းငယ်ကျသွားတယ်လို့ ခံစားမိရတာပါပဲ။

နောက်ပိုင်းမှာ ပါဝင်လာတဲ့ စွန့်စားခန်း၊ သည်းထိတ်ရင်ဖိုတွေနဲ့ ဖိုက်တင်ခန်းတွေကတော့ ပရိသတ်ကို အပိုအလိုမရှိ အကြိုက်တွေ့စေမှာ ဖြစ်ပါတယ်။ ဒါ့အပြင့် ရန်ကုန်မြို့ရဲ့ ရှှုခင်း၊ ပုဂံ၊ အင်းဝ ဘက်က ရှှုခင်းတွေကို ရိုက်ကူး ပြသ သွားတာ ကလည်း ပရိသတ်ကြည့်ရှု့ဖူးနေကျ မြန်မာ့ဇာတ်ကားများထက် ထူးခြားတဲ့ ရိုက်ချက်တွေလို မြင်မိပါတယ်။ ဒီဇာတ်ကား ဟာ ဇာတ်လမ်း ဇာတ်ညွန်းတွေထက် ရိုက်ကူးရိုက်ချက်၊ သုံးထားတဲ့ အရောင်၊ Effect တွေက အသစ်အသစ်သော မြန်မာရုပ်ရှင်လောကကို ပြောင်းလဲစေချင်တဲ့ ရုပ်ရှင်ကြည့် ပရိသတ်တွေအတွက်ကတော့ ကြည့်ရှှု့ပြီးရင် ကျေနပ် စေမယ့် မြန်မာရုပ်ရှင် ဇာတ်ကားကောင်း တကောင်း လို့ မြင်မိပါတယ်။
“ဒုဋ္ဌဝတီကိုလွန်၍” ရုပ်ရှင်ဇာတ်ကားကြီးကို မေ ၄ ရက်နေ့က စတင်ကာ မြန်မာတနိုင်ငံလုံးမှာ ရုံတင်ကာ စတင်ပြတော့မှာ ဖြစ်တာကြောင့် ဒီဇာတ်ကားကရော မြန်မာ့ရုပ်ရှင်ကို တခေတ်ပြန် ဆန်းစေမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။