နဝမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုအတွက် နောက်ဆုံးရွေးချယ်ထားတဲ့ စာရင်းထဲမှာ သရုပ်ဆောင်ခိုင်နှင်းဝေ က နံပါတ် ၃နေရာတွင် ပါဝင်လာတယ်လို့ သိရပါတယ်။
ရွေးချယ်ခံရတာနဲ့ ပတ်သက်ပြီး ခိုင်နှင်းဝေက “ပြည်သူ့ဂုဏ်ရည်ဆုလေးအတွက် ကျမကိုဝန်းရံပေးကြတဲ့ ချစ်သူငယ်ချင်းများ ၊ ပရိသတ်များအားလုံးကိုအရမ်းချစ်ပြီး ကျေးဇူးအများကြီးတင်ပါတယ်ရှင် ဒီဆုလေးရခြင်း မရခြင်းထက် ကျမအတွက် အခုလိုဝန်းရံပေးကြတာမြင်တာနဲ့တင် အတိုင်းမသိဝမ်းသာပီတိဖြစ်မိပါတယ်။ ကျမ ပရဟိတအလုပ်တွေကိုလည်း အသက်ထက်ဆုံး အကောင်းဆုံး ကြိုးစားလုပ်ကိုင်သွားပါမယ်ရှင်” လို့ သူမရဲ့ Facebook အကောင့်မှာ ရေးသားထားပါတယ်။
ပြည်သူ့ဂုဏ်ရည်ဆု (Citizen Of Burma Award ) ကိုမြန်မာနိုင်ငံအတွင်းက လူမှုအဖွဲ့အစည်းအတွက် လိုအပ်တဲ့ လုပ်ငန်းများကို ကိုယ်ကျိုးစွန့်အနစ်နာခံကာ စွမ်းစွမ်းတမံ ဆောင်ရွက်နေကြသူ /အဖွဲ့အစည်းများကို ပြည်ပရောက် မြန်မာတိုင်းရင်းသား မိသားစုများက စုပေါင်းဂုဏ်ပြုခြင်း ဖြစ်ပါတယ်။
ယခုနှစ်အတွက် အဖွဲ့အစည်း အသင်းအဖွဲ့များထဲမှ ပုဂ္ဂိုလ် ၃၃ ဦးကိုရွေးချယ်ထားပြီး အဆိုပါ ၃၃ ဦးထဲမှာ သရုပ်ဆောင်ခိုင်နှင်းဝေက နံပါတ် ၃နာရီတွင် ပါဝင်နေတာ ဖြစ်ပါတယ်။
သရုပ်ဆောင်ခိုင်နှင်းဝေကတော့ အမျိုးသမီးများနှင့် ကလေးများအတွက် ပရဟိတလုပ်ငန်းများ ခိုင်နှင်းဝေပရဟိတ အမည်နဲ့ ဆောင်ရွက်လျက်ရှိပြီး ကလေးသူငယ်ဆိုင်ရာ အထူးသံတမန်ခန့်အပ်ခြင်းခံရတဲ့ အနုပညာရှင်တဦးလည်း ဖြစ်ပါတယ်။
ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်ပွဲ အခမ်းအနားကိုတော့ မေလ ၂၆ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု နယူးယောက် ပြည်နယ် အော်ဘန်နီမြို့တွင် ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။