Entertainment

“Sherlock Holmes 3” ရုပ်ရှင်မှာ မင်းသား Robert Downey Jr. နှင့် မင်းသား Jude Law တို့ ပြန်လည်ပါဝင်လာမည်

“Sherlock Holmes 3” ရုပ်ရှင်ကို လာမယ့် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်မှာ ရုံတင်ပြသမယ်လို့ စီစဉ်ထားတဲ့ အကြောင်း သတင်းတွေ ထွက်ပေါ်လာပါပြီ။ မင်းသားတွေဖြစ်ကြတဲ့ Robert Downey Jr. နဲ့ Jude Law တို့ဟာ ဗြိတိသျှစုံစမ်းရေးမှူး ရှားလော့ဟုမ်းနဲ့ နာမည်ကျော် ဒေါက်တာ Watson အဖြစ် ပါဝင်လာကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Variety မီဒီယာရဲ့ အဆိုအရ ရုပ်ရှင်ကို ရိုက်ကူးမယ့်ဒါရိုက်တာနဲ့ မချိတ်ဆက်ရသေးပေမယ့် Chris Brancato က ဇာတ်ညွှန်းကို Susan Downey နဲ့အတူ ရေးသားပေးမှာဖြစ်ပြီး Joel Silver နဲ့ Lionel Wigram တို့က ရုပ်ရှင်ကို ထုတ်လုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီရုပ်ရှင်ဟာ ၂၀၁၁ ခုနှစ်က ဖြန့်ချိခဲ့တဲ့ “Sherlock Holmes: A Game of Shadows” ရုပ်ရှင်ပြီးတဲ့နောက် နောက်ဆက်တွဲ ထွက်ရှိလာမယ့် ရုပ်ရှင်ဖြစ်ပြီး ဒုတိယမြောက် နောက်ဆက်တွဲ ရုပ်ရှင်ဟာ ကမ္ဘာတဝန်း ရုံဝင်ငွေ ၅၄၅ ဒဿမ ၅ သန်း ရရှိခဲ့ပါတယ်။ မူရင်း ရုပ်ရှင်ကိုတော့ ၂၀၀၉ ခုနှစ်မှာ ဖြန့်ချိခဲ့ပြီး ရုံဝင်ငွေ ဒေါ်လာ ၅၂၄ သန်း ရရှိခဲ့ပါတယ်။ ဒါရိုက်တာ Guy Ritchie ကတော့ အဲဒီရုပ်ရှင်နှစ်ခုလုံးကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လမှာ ထုတ်လုပ်သူ Silver က မကြာမီ ရိုက်ကူးတော့မယ့် ရုပ်ရှင်နဲ့ပတ်သက်လို့ ပြောကြားခဲ့တာ ဖြစ်ပြီး နောက်ထပ် “Sherlock Holmes” ရုပ်ရှင်ကို ဖန်တီးနေပြီလို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။ သူက “Sherlock Holmes 3 ကို ဖန်တီး နေပါပြီ၊ လာပါတော့မယ်၊ အခုကနေစပြီး ရိုက်မယ်ဆိုရင် တနှစ်လောက်ဆိုရင် ပြီးမှာပါ၊ ကျနော်တော့ စိတ်လှုပ်ရှားနေပါပြီ” လို့ Cinema Blend မီဒီယာကို ပြောကြားခဲ့ပါတယ်။

Ref ; etcanada

Loading