ဒီတခါမှာတော့ IMDB Rating (6.0) ရရှိထားပြီး နာမည်ကြီး ကိုရီးယားဒါရိုက်တာ Chang-min-Choo ရိုက်ကူးထားတဲ့ ကိုရီးယားဇာတ်ကားကောင်း တကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာတော့ မြန်မာပရိသတ် အများစုက ဒါရိုက်တာရင်လို့ လူသိများတဲ့ မင်းသား Dong-Gun-Jang နဲ့ မင်းသား Seung-ryong-Ryu တို့က အဓိက ပါဝင်သရုပ် ဆောင်ထားပြီး မှုခင်းအက်ရှင်ဒရာမာ ရုပ်ရှင်အမျိုးအစားပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ မြူခိုးတွေ အရမ်းထူထပ်တဲ့ ညတညမှာ အရက်နည်းနည်းမူးနေတဲ့ ချွဲဟွန်းဆူ တယောက် ဆဲယောင်းရွာမှာရှိတဲ့ မိသားစုအတူနေဖို့ဝယ်ထားတဲ့ အိမ်လေးဆီ သွားကြည့်ဖို့ ကားမောင်းရင်းထွက်လာခဲ့ပါတယ်။ တခါမှ မရောက်ဖူးတဲ့ ရွာမို့ လမ်းတွေကလည်းမှား၊ ကားမောင်းတဲ့ လမ်းမှာလည်း ကားကို ကျော်တက်ဖို့ အချက်ပြပြီး အတင်း လိုက်ကပ်မောင်းနေတဲ့ လူထူးဆန်းတယောက်နဲ့ တွေ့ခဲ့လေတော့ ဒေါသကလည်းအတန်ငယ်ထွက် ၊ အရက်ကလည်း နည်းနည်းမူးနဲ့ ဆဲယောင်းရွာအဝင်မှာပဲ အသက် ၁၂ နှစ်အရွယ် ကလေးမလေးတယောက်ကို မတော်တဆ ကားနဲ့ ဝင်တိုက်မိပါတော့တယ်။ ဒီတော့မှ အဖမ်းခံရမှာစိုးပြီး ကြောက်ကြောက်လန့်လန့်နဲ့ပဲ ဆဲယောင်းရွာမှာ လူသားစားတယ်လို့ နာမည်ကြီးနေတဲ့ ရေကန်ကြီးထဲကို ကလေးမလေးအလောင်းကို ပစ်ချခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်းမှာတော့ ချွဲဟွန်းဆူဟာ သူ့မှာ အပြစ်ရှိတယ်ဆိုတဲ့စိတ်နဲ့ အရူးတပိုင်းကိုဖြစ်နေခဲ့ပါတယ်။ သေဆုံးသွားတဲ့ ကလေးမလေးရဲ့ အဖေဆိုသူကလည်း ဆဲယောင်းရွာမှာ အကြမ်းဖက် နှိပ်စက်တဲ့နေရာမှာ နာမည်ကြီးလှပါတယ်ဆိုတဲ့ သူဌေး ဝူယောင်းဂျယ် ဖြစ်နေပါတယ်။ သေဆုံးသွားရတဲ့ သမီးအလောင်းကို ရေကန်ထဲကနေ ပြန်တွေ့ချိန်မှာတော့ သူ့သမီးကို ဘယ်သူသတ်လဲဆိုတာကို သူ့ဘာသာသူစုံစမ်းရင်း လက်စားချေဖို့ကြိုးစားပါတော့တယ်။ သူ့သမီး သေဆုံး သွားတဲ့ နောက်ကွယ်မှာ ဘယ်လိုအရှုပ်အထွေးတွေရှိနေဦးမှာလဲဆိုတာကိုတော့ ဒီဇာတ်ကားထဲမှာ တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။
ဒီဇာတ်ကားဟာ စာရေးဆရာ You-Jeong-Jeong ရဲ့ ရောင်းအားအကောင်းဆုံးဝတ္ထုကို အခြေခံ ရိုက်ကူး ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားနှစ်ယောက်ရဲ့ သရုပ်ဆောင်ပိုင်နိုင်မှု တွေ ကတော့ အထူး တလည် ပြောနေစရာမလိုလောက်အောင်ကို ကောင်းမွန်လှတာကြောင့် ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ညွှန်းဆို ပေး လိုက်ရပါတယ်။