နှစ်နှစ်လောက် တွဲခဲ့ကြပြီးတဲ့နောက် ဘောလိဝုဒ်မင်းသမီး Sonam Kapoor နဲ့ စီးပွားရေးလုပ်ငန်းရှင် Anand Ahuja တို့ဟာ ပြီးခဲ့တဲ့ မေ ၈ ရက် မနက်ပိုင်းက မွမ်ဘိုင်းမြို့မှာရှိတဲ့ သီးသန့်ဘန်ဂလိုတခုမှာ လက်ထပ်လိုက်ကြပြီ ဖြစ်ပါတယ်။
Kapoor နဲ့ Ahuja တို့ နှစ်ဦးရဲ့ သူငယ်ချင်း ဒီဇိုင်နာ Pernia Qureshi ကနေတဆင့် ပြီးခဲ့တဲ့ နှစ်နှစ်လောက်က စလို့ သိကျွမ်းခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ Instagram အကောင့်တွေမှာ သူတို့ရဲ့ ဆက်ဆံရေးကို ပြသလို့ရမယ့် သက်သေတွေ တော်တော်များများ ရှိခဲ့ပါတယ်။
သူတို့ အပြင်ထွက်လည်ကြတဲ့ အချိန်မှာ ရိုက်ကူးထားတဲ့ Selfie ဓါတ်ပုံတွေကနေ တဆင့် သူတို့နှစ်ဦးဟာ ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ရရှိခဲ့ပြီး ဖြစ်ပါတယ်။ သတို့သမီး Kapoor ရဲ့ ဖခင် မင်းသား Anil Kapoor ကတော့ လက်ထပ်ပွဲ မစတင် ခင် ပါပါရာဇီသတင်းထောက်တွေကို နှုတ်ဆက်ခဲ့ပြီး Arjun Kapoor, Karan Johar, Jacqueline Fernandez နဲ့ Swara Bhaskar တို့အပါအဝင် သတို့သမီးရဲ့ မိသားစုနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေက စုပေါင်းဓါတ်ပုံရိုက်ကူးခဲ့ကြပါတယ်။
ဝါရင့်မင်းသားကြီး Amitabh Bachchan ကလည်း သားဖြစ်သူ Abhishek Bachchan ၊ သမီးဖြစ်သူ Shweta Bachchan တို့နဲ့အတူ မင်္ဂလာပွဲကို တက်ရောက်အားပေးဖို့ ရောက်ရှိ လာခဲ့ပါတယ်။
သတို့သမီးရဲ့ ညီမဝမ်းကွဲလည်းဖြစ်ပြီး ကွယ်လွန်သူမင်းသမီး Sridevi ရဲ့ သမီးတွေဖြစ်တဲ့ Janhvi နဲ့ Khushi Kapoor တို့ဟာလည်း သူတို့ရဲ့ ဖခင် Boney Kapoor နဲ့အတူ ရယ်ရယ်ပြုံးပြုံး နဲ့ ဓါတ်ပုံအရိုက်ခံခဲ့ကြပါတယ်။ လက်ထပ်ပွဲကိုတော့ ဆစ်ခ်ဓလေ့ထုံးတမ်းအတိုင်း ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။ အမျိုးသမီးတွေက ရင်သပ်ရှု မောဖွယ် ရိုးရာခါးပန်းတွေကို ချည်ထားပြီး အမျိုးသားတွေကတော့ သူတို့ရဲ့ဦးခေါင်းပေါ်မှာ အဖြူရောင် ပန်ချာဘီခေါင်းပေါင်းတွေကို ဆင်မြန်းပြီး လက်ထပ်ပွဲကို ဆင်နွှွဲကြတာလည်း ဖြစ်ပါတယ်။
မင်းသား Saif Ali Khan နဲ့ မင်းသမီး Kareena Kapoor Khan တို့ဟာလည်း ပွဲမှာအငယ်ဆုံးပရိသတ်ဖြစ်တဲ့ သူတို့ရဲ့ သားလေး Taimur Ali Khan နဲ့အတူ တမိသားစုလုံး တက်ရောက်လာခဲ့တာကိုလည်း တွေ့ရပါတယ်။ မင်းသမီး Kareena ဟာ ဒီဇိုင်နာ Anita Dongre ဖန်တီးချုပ်လုပ်ပေးထားတဲ့ ရိုးရာဂါဝန်အရှည်ကို ဆင်မြန်းခဲ့ပြီး အစ်မဖြစ်သူ Karisma Kapoor ကတော့ ဒီဇိုင်နာ Sabyasachi ရဲ့ lehenga ဂါဝန်နဲ့ လှပနေခဲ့ပါတယ်။
သတို့သမီးရဲ့ ညီမနဲ့ ထုတ်လုပ်သူဖြစ်တဲ့ Rhea Kapoor နဲ့ အခင်ဆုံးသူငယ်ချင်းဖြစ်တဲ့ Kareena ကတော့ လာမယ့်မေ ၃၁ ရက်၊ အာရပ်စော်ဘွားများပြည်ထောင်စုမှာ ရုံတင်ပြသမယ့် Veere Di Wedding ဆိုတဲ့ ရုပ်ရှင်မှာ သတို့သမီး Sonam နဲ့အတူ ပါဝင် သရုပ်ဆောင်ထားပါတယ်။ လက်ထပ်ပွဲမတိုင်ခင်ညမှာတော့ Kapoor မိသားစုနဲ့ Ahuja မိသားစုတို့က မွမ်ဘိုင်းမှာရှိတဲ့ Sunteck Signature ကျွန်းမှာ mehendi ပါတီတခုနဲ့ ဧည့်ခံခဲ့ပါတယ်။ အဲဒီလက်ထပ်ပွဲကြိုပါတီကိုတော့ Rani Mukerji, Karan Johar, Rekha, Shilpa Shetty, Varun Dhawan တို့နဲ့အတူ အကပညာရှင် Farah Khan Kunder တို့လည်း တက်ရောက်ခဲ့ကြပါတယ်။
အနုပညာလုပ်ငန်းထဲက Sonam ရဲ့ သူငယ်ချင်းတွေထဲမှာ ဒီဇိုင်းနာတွေဖြစ်ကြတဲ့ Kunal Rawal, Arpita Mehta, Shehla Khan, Masaba Gupta တို့အပြင် Ralph & Russo ကုမ္ပဏီက နာမည်ကျော် နိုင်ငံတကာဖက်ရှင်ပညာရှင် နှစ်ဦးဖြစ်တဲ့ Tamara Ralph နဲ့ Michael Russo တို့လည်း ပါဝင်ကြပါတယ်။
လက်ထပ်ပွဲကြိုပါတီရဲ့ ခေါင်းစဉ်ကတော့ ‘အဖြူရောင်ရိုးရာအသွင်သဏ္ဍာန်များ” ဖြစ်ပါတယ်။ သတို့သမီးလောင်း Sonam ကတော့ ဒီဇိုင်နာ Abu Jani နဲ့ Sandeep Khosla တို့ရဲ့ အဖြူရောင်နဲ့ ရွှေရောင် ပေါင်းစပ်ဂါဝန်နဲ့ တွေ့ရပါတယ်။ မင်းသမီးတွေ ဖြစ်ကြတဲ့ Katrina Kaif, Karisma Kapoor နဲ့ Swara Bhaskar တို့ကတော့ ဒီဇိုင်နာ Manish Malhotra ချုပ်လုပ်ပေးထားတဲ့ ဝတ်စုံတွေကို ဆင်မြန်းလာခဲ့ကြပါတယ်။ အခုပူပူနွေးနွေး အိမ်ထောင်ရှင်မဖြစ်သွားတဲ့ Sonam ကတော့ L’Oreal India Brand Ambassador အနေနဲ့ လာမယ့်သီတင်းပတ်မှာကျင်းပမယ့် ကိန်းစ်ရုပ်ရှင်ပွဲတော်ကို တက်ရောက်ဖို့ ပြင်ဆင်ထားပါတယ်။ အဲဒါဟာ ပွဲတော်ကို ၈ ကြိမ်မြောက်အဖြစ် တက်ရောက်မယ့် အစီအစဉ်လည်း ဖြစ်ပါတယ်။
Ref: gulfnews