ကိန်းစ်ရုပ်ရှင်ပွဲတော်ကို ကျင်းပနေတာ ရက်အနည်းငယ် ရှိနေပြီဖြစ်ပေမယ့် တက်ရောက်လာကြတဲ့ အနုပညာရှင်တွေနဲ့ ပရိသတ်တွေကတော့ ပွဲမှာ Selfie ဓါတ်ပုံရိုက်ကူးခြင်းမပြုဖို့ တားမြစ်ချက်ကို ချိုးဖောက်နေကြတယ်လို့ သိရပါတယ်။
ဒီနှစ်ရဲ့ ပွဲတော်အနုပညာရေးရာ ဒါရိုက်တာ Thierry Fremaux က ကော်ဇောနီလျှောက်လှမ်းထက်မှာ အကျည်းတန်တဲ့ လုပ်ရပ်နဲ့ အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စိုးရိမ်မှုတွေ ကြောင့် Selfie ဓါတ်ပုံရိုက်ကူးမှုကို တားမြစ်ထားတဲ့ အကြောင်း ကြေညာခဲ့ပါတယ်။
အဲဒီ့တားမြစ်ချက်ထဲမှာဆိုရင် ကော်ဇောနီလျှောက်လမ်းပေါ်မှာ တခြားတယောက်ရဲ့ ဓါတ်ပုံရိုက်ကူးမှုကို ခံယူခြင်း မပြု ဖို့လည်း တားမြစ်ထား ပြန်ပါသေးတယ်။ ပရော်ဖက်ရှင်နယ် စာနယ်ဇင်း ဓါတ်ပုံဆရာတွေကိုသာ ဓါတ်ပုံ ရိုက်ကူးခွင့် ပြု ထားတာပါ။ ပြီးခဲ့တဲ့ မေ ၇ ရက်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အနုပညာရေးရာ ဒါရိုက်တာ Fremaux က “လူတွေက သူတို့ရဲ့ ဆဲလ်ဖုန်းကို ကြည့်နေလို့ လှေကားထစ်ပေါ်မှာ ချော်လဲကြပါတယ်၊ လူ့မြင်ခံဖို့ဆိုရင် ကိန်းစ်ရုပ်ရှင်ပွဲ တော်ကို မလာပါနဲ့၊ ရုပ်ရှင်ကြည့်ဖို့ပဲ လာခဲ့ပါ” လို့ ပြောကြားခဲ့ပါတယ်။
ပွဲတော်ကျင်းပနေတဲ့ အဓိကနေရာတွေမှာ ကော်ဇောနီလမ်းမထက်မှာ Selfie ဓါတ်ပုံ ရိုက်ကူးခွင့် မပြုကြောင်း ရေးသားထားတဲ့ ဆိုင်းဘုတ်တွေကိုလည်း မြင်တွေ့ရပါတယ်။ တကယ်လို့များ အဲဒီလိုမျိုး ဓါတ်ပုံ ရိုက်ကူးနေမယ်ဆိုရင် ဆွဲထုတ်ခံရမယ်လို့ သတိပေးထားပြီးဖြစ်ပေမယ့် ကော်ဇောနီပေါ်ကို တက်ရောက်လာကြသူ တွေတော့ Selfie ဓါတ်ပုံ ရိုက်ကူး မပျက်ဘဲ ရှိနေကြပါတယ်။ စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်သူတွေက ဓါတ်ပုံရိုက်ကူးသူတွေကို တားဆီးဖို့ ရှိနေကြပါတယ်။
ဟောလိဝုဒ်ရဲ့ ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေထဲမှာတော့ အဲဒီလိုများ တားမြစ်ချက်ကျူးလွန်တဲ့သူကို မဖမ်းမိသေးပေမယ့် Selfie ဘုရင်မလို့ တင်စားကြတဲ့ Paris Hilton အပါအဝင် အနုပညာရှင် အနည်းငယ်လောက်ကသာ အခုလိုမျိုး Selfie ဓါတ်ပုံရိုက်ကူးမှု တားမြစ်ချက်ကို ထောက်ခံကြောင်း ပြောဆိုထားပါတယ်။ ကိန်းစ်ရုပ်ရှင်ပွဲတော်ကို အစဉ်အလာ မပြတ် တက်ရောက်လေ့ရှိတဲ့ Paris ကတော့ အဲဒီလို တားမြစ်ချက်ဟာ တကယ့်ကိုပဲ ကောင်းမွန်ကြောင်း၊ ကော်ဇောနီလမ်းမ ထက်မှာ တက်ရောက်လာကြသူတွေ နဲ့ ဓါတ်ပုံတွဲရိုက်ဖို့ တောင်းဆိုတဲ့ ဖိအားကို ရှောင်ရှားလို့ရတယ်လို့ ဆိုထားပါ တယ်။ The Hollywood Reporter မီဒီယာရဲ့ အဆိုအရ မင်းသမီး Elizabeth Olsen ကလည်း အဲဒီတားမြစ်ချက်ကို ထောက်ခံထားပြီး ၂၀၁၄ ခုနှစ်တုန်းက ရုပ်ရှင်ပွဲတော်မှာ Selfie ရိုက်ကူးနေတာကို မြင်တွေ့ခဲ့ရတဲ့ မင်းသမီး Rosario Dawson ကလည်း ထောက်ခံထားပါတယ်။
etcanada